မော်လမြိုင် ၊ စက်တင်ဘာ ၁၈

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ မွန်ညီညွတ်ရေးပါတီကလွဲပြီး ပါတီအများစု ကိုယ်စား လှယ်‌လောင်း ရှာမရ ဖြစ်နေသေးတယ်လို့ ပါတီတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင် တင်သွင်းနိုင်တဲ့ နေ့ရက်ကို စက်တင်ဘာ ၈ ရက်နေ့အဖြစ် သတ်မှတ်ထားပါတယ်။

ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမယ့် နောက်ဆုံးနေ့ရက်ကိုတော့ စက်တင်ဘာ ၂၂ ရက်နေ့အဖြစ် သတ်မှတ်ထားပြီး စက်တင်ဘာ ၁၇ ရက်နေ့အထိတိုင် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနိုင်ခြင်း မရှိတဲ့ ပါတီတွေ ရှိနေတာ ဖြစ်ပါတယ်။

ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မွန်ပြည်နယ် တာဝန်ရှိသူ ဦးဇော်မြင့်ထွန်းကတော့ ကိုယ်စားလှယ်လောင်းတွေကို တောက်လျှောက်ရှာနေပေမယ့် ပညာရေးနဲ့ အသက် အရွယ် အကန့်အသတ်မှုကြောင့် အခက်အခဲ ဖြစ်နေတယ်လို့ ပြောပါတယ်။

“အခက်အခဲကတော့ တောက်လျှောက် ရှာနေရတုန်းပဲ။ ကျွန်တော်တို့ မွန်ပြည်နယ်အတွက်ကတော့ မပြည့်စုံသေးဘူး။ ဘယ်လိုကြောင့် ရှာမရဖြစ်နေလဲဆိုတော့ ဒီမှာက သူတို့ ကန့်သတ်ထားတဲ့ဟာတွေက ဒီဆယ်တန်းက အောင်ရမယ်။ ဖြေဆို ပြီးရမယ်ဆိုတော့ ရှာရ နည်းနည်း ခက်တာပေါ့။နောက် အသက်အရွယ် အပိုင်းအခြားကလည်း ရှိတယ်၊ အခု ဆယ်တန်းအောင်တဲ့ ဖြေထားတဲ့ ကလေးတွေက လူငယ်ပိုင်းတွေ ဖြစ်တယ်။ လူငယ်ပိုင်းတွေကျတော့လည်း အသက်မပြည့်ရင် မရဘူးလေ။ အသက်မပြည့်ရင် မရဘူးဆိုတော့ နည်းနည်းတော့ ရှာဖို့ ကြိုးစားနေတုန်းပေါ့”လို့ ဆိုပါတယ်။

ဒါ့ပေမယ့် သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်လောင်း အမည် စာရင်း ပြည့်မီအောင် နယ်ဘက်တွေအထိ ကိုယ်စားလှယ်လောင်း ရှာဖွေတာတွေ ပြုလုပ်နေပြီး သတ်မှတ်ရက်အတွင်း ပြည့်မီဖို့ ဆက် လက် ကြိုးစားနေတယ်လို့ သူက ဆက်ပြောပါတယ်။

ပြည်သူ့ပါတီရဲ့ မွန်ပြည်နယ် တာဝန်ခံ ဦးအောင်ကိုဝင်းသန်းကလည်း ကိုယ်စားလှယ်လောင်း ရရှိဖို့အတွက် ကြိုးစား ရုန်းကန်နေရဆဲ ဖြစ်သလို ကိုယ်စားလှယ်လောင်း ရှာဖွေရတဲ့ နေရာမှာ တစ်ပါတီနဲ့ တစ်ပါတီ မတူတာကြောင့် ရအောင် ရှာဖွေသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကိုယ်စားလှယ်လောင်း အခက်အခဲကတော့ ဒီကာလမှာ ဒီလိုပဲ ကြိုးစားရုန်းကန်နေရတာပေါ့။ ဒီကာလမှာ ပါတီကိုယ်စားလှယ်လောင်း ရှာတဲ့နေရာမှာ အခက်အခဲက ဆိုတာက တစ်ပါတီနဲ့ တစ်ပါတီနဲ့လည်း တူချင်မှလည်း တူမယ်။ ဘာလို့ဆို ပါတီရဲ့မူဝါဒ မတူသလို ပါတီရဲ့ ရွေးချယ် ကိုယ်စား လှယ်လောင်း ရှာတဲ့နေရာမှာလည်း ဒီပါတီရဲ့ မူဝါဒပါတီရဲ့ သတ်မှတ်ချက်နဲ့ မညီတာ ဖြစ်တဲ့အတွက် တစ်ပါတီနဲ့ တစ်ပါတီ မတူလောက်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကိုယ်စားလှယ်လောင်းကို အ ခက်အခဲ ဘယ်လောက်ပဲ ရှိနေပါစေ ပါတီနိုင်ငံရေး ယုံကြည်ချက် တစ်ခုနဲ့ ပြောင်းလဲချင်စိတ် တစ်ခုအနေနဲ့ ကျွန်တော်တို့ ပါတီကိုယ်စားလှယ်ကို ရအောင်ရှာမှာပါ” လို့ ဆိုပါတယ်။

လက်ရှိ ဒေသတွင်းမှာတော့ ပါတီတချို့ ဟာ ကိုယ်စားလှယ်လောင်း ရရှိရေးအတွက် သတ်မှတ်အရည်အချင်းနဲ့ ပြည်မီသူတွေကို မတ်လုံးပေး စည်းရုံးတာတွေ ရှိပေမယ့် အများစု လက်မခံကြဘဲ လူနည်းစုလောက်သာ လက်ခံမှု ရှိတယ်လို့ ပါတီတချို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

တဖက်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ မွန်ပြည် နယ်ရဲ့ မြို့နယ် ၁၀ ခုလုံးကို မဲဆန္ဒနယ်မြေအဖြစ် သတ်မှတ်ထားပြီး ရွေးကောက်ပွဲ အပိုင်း ၁ ကိုတော့ ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ်တို့မှာ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။

မွန်ပြည်နယ်မှာတော့ လာမယ့်အထွေထွေရွေးကောက်ပွဲကို ပြည်ထောင်စုတစ်ဝန်း စည်းရုံးမယ့်ပါတီတွေ ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့‌ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူပါတီ)နဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေး ပါတီတို့က ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေတာပါ။

ဒါ့အပြင် ပြည်နယ်အတွင်း စည်းရုံးမယ့် နိုင်ငံရေးပါတီတွေထဲမှာတော့ မွန်ပြည်နယ်အခြေစိုက် မွန်ညီညွတ်ရေးပါတီနဲ့ ပအိုဝ်း အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီတို့က ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.