ထားဝယ်၊ စက်တင်ဘာ ၁၈

တနင်္သာရီတိုင်းရှိ ထားဝယ်၊ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တို့ကို စစ်ကော်မရှင်တပ် တပြိုင်တည်း ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေနဲ့ တော် လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့ မနက် ၈ နာရီအချိန်လောက်ကစပြီး စစ်ကော်မရှင်တပ်ဟာ ထားဝယ်မြို့ နယ် အရှေ့တောဒေသရှိ ရေဝိုင်းနဲ့ ခေါင်တိုင်ပြင်ကျေးရွာတို့ကို လေကြောင်းကနေ ဗုံးကြဲသွားတာပါ။

အဲဒီနောက် သရက်ချောင်းမြို့နယ်က ဥတ္တူ၊ မိုးရွှေကုန်း၊ စော်ဖျားနဲ့ မဲနယ်အိုးကျေးရွာ၊ လောင်းလုံးမြို့နယ်က ဝေဒီ၊ ဟင်းချိုတော၊ ကျောက်တွင်းကျေးရွာတို့ကို ထပ်မံဗုံးကြဲသွားတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ် ဗုံးကြဲမှုကြောင့် လောင်းလုံးမြို့နယ် ဝေဒီကျေးရွာက ဒေသခံ သုံးဦး သေဆုံးပြီး ကလေးငယ်တွေအပါအဝင် လေးဦးထက်မနည်း ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါပေမယ့် သရက်ချောင်းမြို့နယ်နဲ့ ထားဝယ်အရှေ့တောဒေသ ဗုံးကြဲမှုနဲ့ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှုနဲ့ အရပ်သားထိခိုက် သေဆုံးမှု လက်ရှိအချိန်ထိ မသိရသေးပါဘူး။

စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ဒေသခံအများအပြား ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီ လိုအပ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.