ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ ၁၈
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတချို့မှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာနေပြီး ကျေးရွာတွေထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံရွာသူရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စက်တင်ဘာလ တတိယအပတ်ကစပြီး မွန်ပြည်နယ် မုဒုံမြို့နယ် ချောင်းနှစ်ခွကျေးရွာကနေတစ်ဆင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ဘက်ကို စစ်ကော်မရှင်တပ် လက်အောက်ခံ စစ်ကြောင်းတစ်ကြောင်း ဦးတည်စစ်ကြောင်းထိုးလာနေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် သံပုရာကျေး ရွာအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ဒါ့အပြင် ကြာအင်းဆိပ်ကြီးမြို့ကနေလည်း စစ်ကော်မရှင်တပ် စစ်ကြောင်းတစ်ကြောင်းဟာ သံပုရာကျေးရွာဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာနေသလို ကြာအင်းဆိပ်ကြီး-ကျိုက်ဒုံလမ်းပိုင်းကိုလည်း စစ်ကြောင်းထိုးဖို့ ရှိနေတယ်လို့ ကြားသိရကြောင်း ဒေသတွင်းသတင်းရင်းမြစ်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့ကို ဆက်သွယ်ထားတဲ့ ကော့ကရိတ် ၉တိုင်- မြောက်ကြာအင်း-တောင်ကြာအင်း-ဝင်းက-ထီးဟူသံ-ကြာအင်းဆိပ်ကြီးလမ်းပိုင်းမှာလည်း ဒီရက်ပိုင်းအတွင်း စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာခဲ့ရာ မြောက်ကြာအင်းရွာထိ ရောက်ရှိလာနေပြီဖြစ်ပြီး တောင်ကြာအင်း မြောက်ကြာအင်း လှိုင်ကွယ်ရွာအပါအဝင် ကျေးရွာ ၁၀ ထက်မနည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
လာမယ့် ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် စစ်ကော်မရှင်တပ်ဟာ ကြာအင်းဆိပ်ကြီးမြို့ကို ဆက်သွယ်ထားတဲ့လမ်းပိုင်းတွေအားလုံးကို နယ်မြေရှင်းလင်းလုပ်ဆောင်မှာဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့ကနေတစ်ဆင့် ဘုရားသုံးဆူမြို့နဲ့ ကျိုက်ဒုံမြို့အထိ စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။
စစ်ကော်မရှင်တပ်ဟာ မြဝတီ-သင်္ဃန်းညီနောင်-ကော့ကရိတ်-ကျုံဒိုး အာရှလမ်းပိုင်းကို ထိန်းချုပ်လိုက်နိုင်ပြီးတဲ့နောက် ကြာအင်းဆိပ်ကြီးမြို့ဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်လုပ်ဆောင်နေသလို မြဝတီမြို့တောင်ဘက် လေးကေကော်မြို့နဲ့ ကျုံဒိုး-နဘူးလမ်းပိုင်းမှာလည်း စစ်ကြောင်းထိုးလာနေတဲ့အတွက် တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ