မော်လမြိုင်၊ စက်တင်ဘာ ၁၆

နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တောင်းဆိုလိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဦးစီးကျင်းပတဲ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ NLD ပါတီ ဗဟိုအလုပ်ကော်မတီက တောင်းဆိုခဲ့တာပါ။

ဒီမိုကရေစီဖူးသစ်ပွင့်စချိန်ဖြစ်တဲ့ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီ အညွှန့်အဖူးအပွင့်တို့ဟာ စစ်တပ်ရဲ့သေနတ်ပြောင်းဝအောက်မှာ ကြွေမွဖျက်ဆီးခံလိုက်ရတယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဒီမိုကရေစီပန်းခင်းရဲ့ ဥယျာဉ်မှုူးသဖွယ်ဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကြီးအကဲ တချို့ကိုပါ စစ်တပ်က မတရားဖမ်းဆီးလိုက်ပြီး ဒီမိုကရေစီပန်းခင်း ဆက်လက်မရှင်သန် မကြီးထွားအောင် ရိုက်ချိုးဖျက်ဆီးလျက်ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် နိုင်ငံတကာဒီမိုကရေစီ အခမ်းအနားမှာ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးဖို့ NLD ပါတီက အလေးနက်တောင်းဆိုးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NLD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.