ကော့သောင်း၊ စက်တင်ဘာ ၁၆
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ခမောက်ငယ်နဲ့အလိဝမ်းကျေးရွာအနီး နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က ခမောက်ကြီးမြို့နယ် ခမောက်ငယ် (ယုဇနဆီအုန်းပျိုးခင်း)မှာ ရောက်ရှိတပ်စွဲနေတဲ့ စစ်တပ်အင်အား ၁၀၀ အနက်က ထုတ်နှုတ်အင်အား ၃၀ ကျော်ဟာ ခမောက်ငယ်ကျေးရွာဘက်ကို ရေလမ်းကနေ လှေငယ် နှစ်စီးနဲ့ စစ်ကြောင်း ထိုးဝင်ရောက်လာချိန် တိုက်ခိုက်ခံရပြီး စက်လှေတစ်စီးနစ်မြုပ်သွားတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့ကလည်း ကော့သောင်းဘက်ကနေ မလိဝမ်းကျေးရွာဘက်ကို တပ်အင်အား ၅၀ နီးပါး၊ စက်လှေ နှစ်စီးနဲ့ထွက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဆယ်အိမ်စုကျေးရွာအနီးမှာ ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် နှစ်ဖက်တိုက်ပွဲအချိန် သုံးနာရီနီးပါးအကြာ ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ခြောက်ဦးရဲ့ ရုပ်အလောင်းကို ချောင်းထဲမှာ တွေ့ရှိခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မှတ်တမ်းဓာတ်ပုံနဲ့တကွ အတည်ပြုထားပါတယ်။
ကော့သောင်းခရိုင် ပကဖ တာဝန်ရှိသူတစ်ဦးက စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲအတွက် နယ်မြေရှင်းလင်းရေး လုပ်ဖို့ စစ်ကြောင်းထိုးလာတာ ဖြစ်ပြီး ပိတ်ဆို့တိုက်ခိုက်မှုအတွင်း အထိနာသွားတာကြောင့် ပြန်ဆုတ်သွားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကော့သောင်းခရိုင်အတွင်း စစ်ရေးအရှိန်မြင့်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးအသိ စစ်ရေးသတိ အမြဲရှိကြပြီး စစ်ကော်မရှင်ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို မပူးပေါင်းမပါဝင်ဘဲ ဝိုင်းဝန်းတိုက်ဖျက်ကြဖို့ တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PDF