နေပြည်တော် ၊ စက်တင်ဘာ ၉
မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ ဒုက္ခအပေါ် လျစ်လျူရှုပြီး အိမ်နီးချင်းနဲ့ နိုင်ငံကြီးတချို့က အာဏာသိမ်းစစ်အုပ်စုကို ရုပ်ပိုင်း စိတ်ပိုင်း ရပ်တည်ထောက်ပံ့ အားပေးနေတာဟာ ပြည်သူ့ကာကွယ် ရေးတပ်မတော် PDF အပေါ် စိန်ခေါ်ချက် ဖြစ်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မှာ တော်လှန်ရေးကာလအတွင်း စိန်ခေါ်မှုတွေ ရှိနေဆဲလို့ စက်တင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် လေးနှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြလာတာပါ။
စစ်အုပ်စုဟာ အဓမ္မစစ်သားစုဆောင်းမှုနဲ့ အင်အားပြန်လည်ဖြည့်တင်းလာနိုင်တာ၊ ဒရုန်းသုံးစွဲလာနိုင်တာ အိမ်နီးချင်းနိုင်ငံကြီးရဲ့ မျက်နှာသာပေးမှုကို ရရှိတဲ့အပေါ် အကြောင်းပြုပြီး စစ်မျက်နှာတချို့မှာ အင်အားစုစည်းကာ တန်ပြန်ထိုးစစ်အစီအမံတွေ လုပ်ဆောင်လာတာလို့ ဆိုပါတယ်။
ဒါ့အပြင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေအပေါ် အိမ်နီးချင်းနိုင်ငံရဲ့ ဖိအားပေးမှု ခြိမ်းခြောက်အကြပ်ကိုင်မှုတွေကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းက ထိုးစစ်တွေ တွန့်ဆုတ်ရပ်တန့်နေချိန်မှာ စစ်အုပ်စုက အခွင့်ကောင်းယူပြီး တန်ပြန်ထိုးစစ်ဆင်နေတာလို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အကျိုးစီးပွားတစ်ဘို့တည်းသာသိတဲ့ နိုင်ငံအချို့က စစ်အုပ်စုဘက်ကနေ ပြောင်ပြောင်တင်းတင်း ရပ်တည်ထောက်ခံလာချိန်မှာ ပြည်သူ့တော်လှန်ရေးအင်အားစုတွေအနေနဲ့ အရင်ကထက် နှစ်ဆတိုး ကြိုးစားတိုက်ပွဲဝင်ကြရမယ်လို့ MOD က တိုက်တွန်းတာပါ။
လက်ရှိအခြေအနေမှာ စစ်အုပ်စုက ဒေသတချို့မှာ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်လာတာကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပျောက်ကြားစစ် လှုပ်ရှားစစ် နေရာယူစစ် သင့်လျော်တဲ့ စစ်နည်းဗျူဟာကို သုံးပြီး စစ်ပရိယာယ်ကြွယ်ဝစွာ တုံ့ပြန်ချေမှုန်းသွားကြဖို့ ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ အတွေ့အကြုံကောင်းတွေနဲ့ အားသာချက်တွေရှိသလို လက်နက်ကိုယ်စီ တပ်ဆင်နိုင်မှု မပြုနိင်သေးတာနဲ့ ခဲယမ်းမီးကျောက် အားနည်းတာလည်း ရှိနေတာပါ။
ရိက္ခာအပါအဝင် လိုအပ်ချက်တွေအတွက် ပိုမိုထောက်ပံ့ဖို့ လိုအပ်တာ၊ စံကိုက်လေ့ကျင်မှုနဲ့ သင်တန်းတွေ လိုအပ်တဲ့အပြင် တိုက်စွမ်းရည်မြှင့်တင်ဖို့လည်း လိုအပ်တယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ဆင်ရေးအဆင့်ထက်ပိုတဲ့ မဟာဗျူဟာအဆင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ လိုအပ်သလို စစ်ဘေးသင့် ပြည်သူတွေကို စောင့်ရှောက်နိုင်ရေးအတွက် သီးခြားရန်ပုံငွေ အစီအစဉ်တစ်ရပ် ထားရှိဖို့လည်း လိုအပ်တယ်လို့ MOD က သူတို့ရဲ့ စိန်ခေါ်ချက်တွေကို ထောက်ပြတာပါ။
အခုအချိန်မှာ ပြည်သူ့ခုခံတော်လှန်စစ်အတွင်း PDF တပ်ရင်းတပ်ဖွဲ့ပေါင်း ၃၅၆ ဖွဲ့ကို ထူထောင်ထားပြီး အမိန့်ပေးကွပ်ကဲမှုကိုတော့ စစ်ရုံးချုပ်၊ တိုင်းစစ်ဌာန၊ခရိုင်စစ်ဌာန/နည်းဗျူဟာ နဲ့ တပ်ရင်းတပ်ဖွဲ့ဆိုပြီး အဓိက ကွပ်ကဲမှု အဆင့် ၄ ဆင့် ရှိနေပါတယ်။
မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ရေးပူးပေါင်းလုပ်ဆောင်တဲ့ နယ်မြေတွေကို စစ်ဒေသအဖြစ် ဖွဲ့စည်းပြီး စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ မဟာမိတ်တပ်မှူးတွေက တာဝန်ယူကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို တိုင်းစစ်ဌာန ၁၀ ခုနဲ့ ဖွဲ့စည်းတည်ဆောက်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။
တစ်ဘက်မှာ တော်လှန်ရေးရဲ့ အရေးကြီးအလှည့်အပြောင်းကို ဖန်တီးနိုင်ဖို့ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ဒေသတိုင်းမှာ ဟန်ချက်ညီ အထွေထွေထိုးစစ်ဆင်နွှဲဖို့ ကာကွယ်ရေးဝန်ကြီးဌာန MOD က ပြင်ဆင်နေတယ်လို့ အစီရင်ခံစာကနေ အသိပေးထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF