မော်လမြိုင် ၊ စက်တင်ဘာ ၇

အာဏာသိမ်း စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်မထားဘဲ ဆက်လက်တော်လှန်ဖို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပြည်သူလူထုတွေကို စက်တင်ဘာ ၅ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ကျဉ်းထဲကြပ်ထဲရောက်နေချိန် နိုင်ငံရေးထွက် ပေါက်ရှာတဲ့ လုပ်ရပ်သက်သက်သာဖြစ်ပြီး ကျောင်းသားပြည်သူတွေအပေါ် စေတနာရှိရှိ စစ်မှန်ပြည့်ဝတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

ရွေးကောက်ပွဲဟာ စစ်အုပ်စု အောက်ဆွဲ ပုဂ္ဂိုလ်တွေ၊ လေယူရာယိမ်း အယူဝါဒတွေ၊ ဖက်ဒရယ် ဒီမိုကရေစီနဲ့ ပြည်သူ့ လွတ်မြောက်ရေးကို မလိုလားတဲ့ ပါတီတွေက နိုင်ငံရေး အမြတ်ထုတ်တာသာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မော်လမြိုင်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ မင်းသံစဉ်ဦးကတော့ စစ်ရေးနဲ့ နိုင်ငံရေးအပြိုင် ဖြစ်နေတဲ့အချိန်မှာ ရွေးကောက်ပွဲ လုပ်တာဟာ သူတို့ရဲ့ ထွက်ပေါက် ဖြစ်ပြီး ရွေးကောက်ပွဲဟာ လူထုကို ဖိနှိပ်ခွင့်၊ ချုပ်ခြယ်ခွင့်အပြင် မတရား ညှဉ်းပန်းနှိပ်စက်ခွင့် တောင်းတဲ့ သဘောသာ ဖြစ်တယ်လို့ ပြောပါတယ်။

“စစ်ရေးအရပဲ ဖြစ်ဖြစ် နိုင်ငံရေးအရပဲ ဖြစ်ဖြစ် သူ့အားသာချက် ကိုယ့်အားသာချက်နဲ့ အပြိုင် ဆွဲပြီး လုပ်နေတဲ့အခါမျိုးမှာ ဒါက သူတို့ရဲ့ ထွက်ပေါက်ပေါ့နော်။လူထုအတွက်တော့ ထွက်ပေါက် မဟုတ်ဘူး ထောင်ချောက်။သူတို့အတွက်ကတော့ ဒါ ထွက်ပေါက်တစ်ခုအနေနဲ့ တရားမဝင်တာကို တရား ဝင် ပုံစံမျိုး သူတို့ အရမ်း ဖြစ်ချင်တဲ့ သဘောပေါ့နော်။ ဆိုတော့ လူထုကို လွတ်လွတ်လပ်လပ် ဖိနှိပ်ခွင့်၊ လွတ်လွတ်လပ်လပ် ချုပ်ခြယ်ခွင့်၊ လွတ်လွတ်လပ်လပ် မတရား ညှဉ်းပန်း နှိပ်စက်ခွင့်၊ သတ်ဖြတ်ခွင့်ကို တောင်းနေတဲ့ သဘောဖြစ်နေတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်က ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ သူတို့ ထွက်ပေါက်ဖြစ်တဲ့အပြင် သူတို့ကို ထောက်ခံတဲ့ ပါတီ နောက်လိုက်တွေရဲ့ ပြည်သူ့ကို အနိုင်ကျင့်ပြီး ကောင်းစားရေး ဖြစ်တာကြောင့် ပြည်သူအားလုံးက ဆန့်ကျင်ဖို့ လိုတယ်လို့ သူက ဆက်ပြောပါတယ်။

မော်လမြိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကတော့ စစ်ကော်မရှင်က ပြုလုပ်မယ့် အတုအ ယောင် ရွေးကောက်ပွဲကို နိုင်ငံရေး အမြတ်ထုတ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေး ပါတီတွေကိုလည်း ပြည်သူရဲ့ ရန်သူ တော်လှန်ရေးရဲ့ တရားခံအဖြစ် သတ်မှတ်သွားမယ်လို့ ဆိုထားပါတယ်။

ပြည်သူတွေအနေနဲ့လည်း ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက် စိုးစဉ်မျှ မထားဘဲ လူထုတစ်ရပ်လုံး ခါးစည်းခံ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ အထွေထွေအကျပ်တည်းတွေကို လွန်မြောက်ဖို့အတွက် တော်လှန်ရုံမှတပါး အခြားမရှိဘူးလို့လည်း တိုက်တွန်းထားပါတယ်။

မွန်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ ရှေ့ဆောင်ပါတီ၊ အမျိုးသမီးပါတီ(မွန်)နဲ့ မွန်ညီညွတ်ရေးပါတီအပြင် နိုင်ငံရေးပါတီ စုစုပေါင်း ၁၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.