ရေး ၊ စက်တင်ဘာ ၇

မွန်ပြည်သစ်ပါတီ AD / ရာမညမွန်တပ်တော်အနေနဲ့ စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမှာဖြစ်ပြီး ထိန်းချုပ်ဒေသနဲ့ လှုပ်ရှားဒေသတွေမှာ ရွေးကောက်ပွဲပြုလုပ်တာကို လုံးဝ လက်မခံဘူးလို့ အသိပေးကြေညာပါတယ်။

စစ်‌ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော်ရဲ့ နိုင်ငံ‌ရေးစစ်ရေးဦးဆောင်ကော်မတီက စက်တင်ဘာ ၅ ရက်နေ့မှာ သဘော ထားထုတ်ပြန်လာတာပါ။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းထားတဲ့ စစ်တပ်က အခုနှစ် ဇူလိုင် ၃၁ ရက်နေ့မှာ စစ်ကော်မရှင်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီ AD/ရာမညမွန်တပ်တော် ပြောခွင့်ရ နိုင်ကောင်းစကားက ရွေးကောက်ပွဲကို နိုင်ငံရေးအရရော စစ်ရေးအရပါ ဆန့်ကျင်တိုက်ဖျက်သွားမှာဖြစ်လို့ ပါဝင်ကြမယ့် ပါတီတွေကို စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် အစုအဖွဲ့အဖြစ် သတ်မှတ်တယ်လို့ ပြောပါတယ်။

“ဒီရွေးကောက်ပွဲကို နိုင်ငံရေးအရရော စစ်ရေးအရပါ နည်းလမ်းပေါင်းစုံနဲ့ ကျွန်တော်တို့ ဆန့်ကျင်တိုက်ဖျက်သွားမှာဖြစ်တယ်။ အထူးသဖြင့် မွန်ပြည်နယ်မှာ ကျွန်တော်တို့ ထိန်းချုပ်ထားတဲ့ ဒေသမှာရော လှုပ်ရှားနေတဲ့ ဒေသမှာပါ ဒါကို ကျွန်တော်တို့ လုံးဝ လက်ခံမှာ မဟုတ်ဘူး။ နောက်ပြီးတော့ ဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ လူပုဂ္ဂိုလ်တွေကို ကျွန်တော်တို့က သူတို့ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်ပြန်လည်သွင်းမယ့် အုပ်စုတွေ အဖွဲ့တွေ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် အစုအဖွဲ့တွေလို့ ကျွန်တော်တို့ အဲဒီလို သတ်မှတ်တယ်”လို့ ဆိုပါတယ်။

စစ်ကော်မရှင်ကနေ ပြုလုပ်သွားမယ့် ရွေးကောက်ပွဲဟာ သူတို့ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊စစ်ရေး အကြပ်အတည်းပေါင်းစုံကို ကျော်လွှားသွားနိုင်ဖို့နဲ့ နိုင်ငံတကာ အသိအမှတ်ပြုရေး ရရှိစေဖို့ လုပ်ဆောင်တဲ့ အတုအယောင်ရွေးကောက်ပွဲလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းဖို့နဲ့ စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်စေရေး စစ်ကျွန်သက်ဆိုးရှည်စေရေးအတွက်သာဖြစ်ပြီး နိုင်ငံတွင်းပဋိပက္ခကို ပိုမို ပြင်းထန်လာစေမယ်လို့ ရာမညမွန်တပ်တော်က ထောက်ပြတာပါ။

ဒါ့အပြင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်အသက်သွင်းပြီး စစ်အာဏာရှင်ကို သက်ဆိုးရှည်အောင် ပြုလုပ်တဲ့ အဖွဲ့ အစည်း/ပုဂ္ဂိုလ်အဖြစ် သတ်မှတ်မယ်လို့ အသိပေးတာ ဖြစ်ပါတယ်။

ဒီလိုမျိုး သတ်မှတ်တဲ့အပေါ် ရာမညမွန်တပ်တော်အနေနဲ့ ဘယ်လိုမျိုး အရေးယူမှုတွေ အကောင် အထည်ဖော်သွားမလဲဆိုတာ သံလွင်တိုင်းမ်က မေးမြန်းရာမှာတော့ ပွင့်ပွင့်လင်းလင်း တရားဝင်ချပြတာလို့ နိုင်ကောင်းစကားက ဆိုပါတယ်။

မွန်လူထုတစ်ရပ်လုံးအနေနဲ့လည်း စစ်ကျွန်သက်ဆိုးရှည်မယ့် စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေး ကောက်ပွဲမှာ ပါဝင်ခြင်းမပြုဘဲ အဲဒီရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကြဖို့ ရာမညမွန်တပ်တော်က တိုက်တွန်းထားတာပါ။

တစ်ဘက်မှာ မွန်နိုင်ငံရေးပါတီတွေလည်း ဒီအတုအယောင်ရွေးကောက်ပွဲအပေါ် မျှော်လင့်မနေဘဲ မွန် ပြည်သူတစ်ရပ်လုံးနဲ့အတူ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ကိုလည်း တိုက်တွန်းထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မွန်ပြည်သစ်ပါတီ AD/ရာမညမွန်တပ်တော်အနေနဲ့ မွန်ပြည်နယ်က ကျိုက်မရော၊မုဒုံ၊သံဖြူဇရပ်နဲ့ ရေးမြို့နယ်အပါအဝင် တနင်္သာရီတိုင်းက ရေဖြူမြို့နယ်နဲ့ ကရင်ပြည်နယ်က ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့နယ်ရှိ ဒေသတွေမှာ စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.