မြဝတီ၊ စက်တင်ဘာ ၇
တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်ဒေသကို စစ်ကော်မရှင်က ကြည်ကြောင်း၊လေကြောင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ ဒေသတွင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာရှလမ်းမကြီးနဲ့ သင်္ဃန်းညီနောင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် စစ်ကော်မရှင်တပ်က ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကနေ ထိုးစစ်ဆင်တိုက်ခိုက်လာနေသလို မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းထဲကနေလည်း စက်တင်ဘာ ၁ ရက်နေ့က စစ်ကြောင်းထိုးလာခဲ့ရာ မြဝတီမြို့နယ် ကွင်းကလေးကျေးရွာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တာပါ။
အဲဒီနောက် စစ်ကော်မရှင်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းဟာ အင်အားအများအပြားနဲ့ လက် နက်ကြီး ဒရုန်း လေကြောင်းပစ်ကူကိုအသုံးပြုပြီး ထိုးစစ်ဆင်လာခဲ့ရာ မြဝတီမြို့နယ် ကွင်းကလေးရွာထဲကို စက်တင်ဘာ ၅ ရက်နေ့ မနက်အစောပိုင်းမှာ ဝင်ရောက်နေရာယူတပ်စွဲနိုင်ခဲ့တာပါ။
စစ်ကော်မရှင်စစ်ကြောင်းဟာ မြဝတီမြို့နယ် ကွင်းကလေးရွာကနေတစ်ဆင့် သင်္ဃန်းညီနောင်ဘက်ကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေ ယာယီဆုတ်ခွာပေးခဲ့ရတာ ဖြစ်ပါတယ်။
စက်တင်ဘာ ၆ ရက်နေ့ မနက်ပိုင်းမှာတော့ သင်္ဃန်းညီနောင်ဒေသကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို သင်္ဃန်းညီနောင်ကနေတစ်ဆင့် မြဝတီမြို့ ခလရ ၂၇၅ တပ်ရင်းထဲကို ရောက်ရှိလာကြတာပါ။
စစ်ကော်မရှင်တပ်က အာရှလမ်းမကြီးကနေတစ်ဆင့် မြဝတီမြို့နယ် ကွင်းကလေးရွာဘက်ကို တောလမ်းအတိုင်း ထိုးစစ်ဆင်လာခဲ့ရာမှာ ကရင်နယ်ခြားစောင့်တပ် BGF အဖွဲ့ရဲ့ အကူအညီနဲ့ ရောက်ရှိလာတာဖြစ်တယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။
မြဝတီမြို့နယ် သင်္ဃန်းညီနောင်ဒေသကို တော်လှန်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာသွားရပေမယ့် အာရှလမ်းမကြီးနဲ့ ဒေါနတောင်လမ်းဟောင်းတွေအပါအဝင် ကျုံဒိုး-နဘူးလမ်းပိုင်းဘက်မှာလည်း နှစ်ဖက်တပ်တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ လာမယ့်နှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်မီ ကရင်ပြည်နယ်အတွင်းမှာ စစ်ရေးထိုးစစ်တွေ အရှိန်အဟုန်မြှင့် တိုက်ခိုက်လုပ်ဆောင်နေသလို ကရင်အမျိုးသားအစည်းအရုံး KNU ကိုလည်း မတရားအသင်းနဲ့ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ