မော်လမြိုင် ၊ ဩဂုတ် ၃၁
အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တာဟာ ပါတီအနိုင်ရရေး မဟုတ်ဘဲ ပါတီရေရှည်တည်တံ့အောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ အမျိုးသမီးပါတီ(မွန်) ဥက္ကဋ္ဌ မိသန်းရှင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
အမျိုးသမီးပါတီ(မွန်)ဟာ စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ ၉ ခုထဲမှာ ပါဝင်တဲ့ နိုင်ငံရေးပါတီ တစ်ခုဖြစ်ပါတယ်။
လက်ရှိမှာတော့ အမျိုးသမီးပါတီ(မွန်)ဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပါတီရုံးခန်းတွေ ဖွင့်လှစ်တာ၊ ပါတီအင်အား စုစည်းမှုတွေ လုပ်ဆောင်နေတာပါ။
အမျိုးသမီးပါတီ(မွန်) ဥက္ကဋ္ဌ မိသန်းရှင်ကတော့ ရွေးကောက်ပွဲ ဝင်ပြိုင်တာဟာ ပါတီပျက်မှာ ကြောက်လို့ ဖြစ်ပြီး မဲဆွယ်စည်းရုံးရေးတွေလည်း လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“ကျွန်မတို့က ပါတီပျက်မှာကို အရမ်းကြောက်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးပါတီကို ပြန်ထူထောင်ဖို့ ဆိုတာ လွယ်မှမလွယ်တဲ့ ကိစ္စလေ။ ပါတီမပျက်အောင်ဆိုပြီးတော့ အခု ကျွန်မတို့ကဏ္ဍ အမျိုးသမီးတွေရော သူတို့ မွန်တချို့ကလည်း ဝိုင်းလုပ်ပေးပါတယ်။ ယှဉ်ပြိုင်တဲ့ ပုံစံတော့ မဟုတ်ဘူး။ ကျွန်မတို့ မဲမယူဘူး။ စည်းရုံးရေးလည်း မဆင်းဘူး။ဘာမှ မလုပ်ဘူး။ အမျိုးသမီးပါတီတည်တံ့အောင် ရေရှည်မှာ ပြန်သွားရအောင်ဆိုတဲ့ သဘောလောက်ပါပဲ”လို့ ဆိုပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပြည်ထောင်စုတဝန်း စည်းရုံးမယ့်ပါတီ ဖြစ်ပါက ပါ တီဝင်ဦးရေ အနည်းဆုံး ၅၀၀၀၀ ရှိရမှာ ဖြစ်ပြီး မြို့နယ်အားလုံးရဲ့ အနည်းဆုံး သုံးပုံတစ်ပုံမှာ ပါတီရုံးခန်း ဖွင့်လှစ်ရမယ်လို့ ပြဌာန်းထားပါတယ်။
ဒါ့အပြင် နိုင်ငံရေးပါတီတွေအနေနဲ့ရွေးကောက်ပွဲ မကျင်းပမီ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ထားတဲ့ ပါတီဝင်ဦးရေနဲ့ ပါတီ ရုံးခန်းတွေ မဖွင့်လှစ်နိုင်ရင် ပါတီမှတ်ပုံတင် ဥပဒေပုဒ်မ ၁၂ အရ အရေးယူသွားမယ်လို့ စစ်ကော်မရှင် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ထားပါတယ်။
အမျိုးသမီးပါတီ(မွန်)အနေနဲ့ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ ပါတီဝင် ဦးရေထက် ကျော်လွန်အောင် စုဆောင်းထားပြီး ဖြစ်သလို ပါတီရုံးခန်းတွေကိုလည်း ပြည့်မီပြီး ဖြစ်တာကြောင့် ကိုယ်စားလှယ်လောင်းစာရင်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အမျိုးသမီးပါတီ(မွန်) ဥက္ကဋ္ဌ မိသန်းရှင်က ကိုယ်စားလှယ်လောင်းတွေကို ဆယ်တန်းအထက် သတ် မှတ်ထားတာကြောင့် ပါတီဝင်ထဲက ဆယ်တန်းကျော်တွေကို ရွေးထုတ်နေပြီး ပါတီအနေနဲ့ ရွေး ကောက်ပွဲအတွင်း ကိုယ်စားလှယ်လောင်း လေးရာလောက် တင်သွင်းသွားဖို့ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကိုယ်စားလှယ်လောင်းတွေ ကျတော့လည်း ဆယ်တန်းအထက်ပေါ့နော်။အဲဒီလိုမျိုး သတ်မှတ်ထားတာ ရှိတော့ ကျွန်မတို့ ရွေးနေပါတယ်။ သတ်မှတ်နေတာပေါ့နော်။ ပါတီဝင်ကပဲ ဆယ်တန်းကျော်တဲ့ ပါတီဝင်တွေကို ရွေးထုတ်လိုက်မှာပါပဲလေ။ ဒါကျတော့ မခက်ပါဘူး။ လူအင်အားတစ်သိန်းကျော် နှစ်သိန်းလောက်ရှိနေတဲ့ ကိုယ်စားလှယ်လောင်းတွေမှာတော့ လေးရာလောက်တော့ ထွက်မှာပါ။ ဒါတွေကျတော့ မခက်ဘူးပေါ့”လို့ ဆိုပါတယ်။
အမျိုးသမီးပါတီ(မွန်) ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် တစ်နေရာမှ အနိုင်ရရှိတာ မရှိခဲ့ပါဘူး။
အာဏာသိမ်း စစ်အုပ်စု လက်ထက်မှာတော့ အမျိုးသမီးပါတီ(မွန်)ကို ပြန်လည်မှတ်ပုံတင်ပြီးတဲ့နောက် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန် ၂၃ ရက်နေ့မှာ ပါတီ မှတ်ပုံတင် ရရှိခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-အမျိုးသမီးပါတီ(မွန်)