ရေဖြူ၊ ဩဂုတ် ၃၁
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော် မရှင်တပ်က ထွက်ပြေးလာတဲ့ တပ်ဖွဲ့ဝင် လေးဦးကို ဖမ်းဆီးရမိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ ၃၃ စစ်ဆင်ရေးမှူး စောဒါးကိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရေဖြူမြို့နယ်က ကော့လှိုင်း၊ မရမ်းချောင်း၊ မိုင် ၆၀ နဲ့ သာယာမွန်ကျေးရွာတို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်က စစ်မှုထမ်း သင်တန်းဆင်းတပ်သား သုံးဦးနဲ့ တပ်သားတစ်ဦးဟာ ဩဂုတ် ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့မှာ ထွက်ပြေးလာချိန် မဟာမိတ်ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။
စစ်ကော်မရှင်တပ်က ထွက်ပြေးလာတဲ့ တပ်သားလေးဦးဟာ တပ်သားနန်းကိုကို၊ တပ်သား ဇေယျာဝင်း၊ တပ်သားနိုင်လင်းအောင်တို့ဖြစ်ပြီး စစ်မှုထမ်း အပတ် ၈ တက်ရောက်ခဲ့ရကာ နောက်ထပ်တစ်ဦးကတော့ တပ်သားရန်နိုင်မင်းဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဖမ်းဆီးရမိထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့လေးဦးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ချမှတ်ထားတဲ့ စစ်သုံ့ပန်း ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ အထက်အရာရှိတွေက မတရားခိုင်းစေတာ၊ စစ်မြေပြင်မှာ ရှေ့ဆုံးထားပြီး မတရားအမိန့်ပေး တက်ခိုင်းတာ၊ ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်တွေကို ဖောက်ထွင်းခိုင်းတာအပြင် အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေ ရှိတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်စိုးမိုးဖို့အတွက် ဆက်တိုက်စစ်ကြောင်းထိုးနေသလို အထိအခိုက် အကျအဆုံးများနေပြီး အင်အားဖြည့်ကာ စစ်ကြောင်းထပ်ထိုးနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ရေဖြူမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ နှက်ဖက်တိုက်ပွဲတွေနဲ့ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကျေးရွာ ၆ ရွာက ဒေသခံ ပြည်သူ ၄၀၀၀ နီးပါး စစ်ဘေးရှောင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- နည်းဗျူဟာ (၃၃) အထူးစစ်ဆင်ရေးအဖွဲ့