ပြုံးယမ်း၊ သြဂုတ် ၃၀
ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတဲ့ ရုရှားအတွက် တိုက်ပွဲဝင်ရင်း သေဆုံးသွားတဲ့ သူရဲကောင်း မြောက်ကိုရီးယားစစ်သားတွေရဲ့ မိသားစုဝင်တွေ လှပတဲ့ ဘဝကို ပိုင်ဆိုင်စေရမယ်လို့ ခေါင်းဆောင် ကင်ဂျုံအန်က ကတိပြု ပြောကြားကြောင်း နိုင်ငံပိုင်သတင်းဌာနက သြဂုတ် ၃၀ ရက်မှာဖော်ပြပါတယ်။
နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ကြိုးစားရင်း အသက်ပေးလိုက်ရတဲ့ အာဇာနည် စစ်သားတွေရဲ့ အဖိုးတန်တဲ့ အသက်တွေကို ကယ်ဆယ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် ဝမ်းနည်းကြောင်း ကင်ဂျုံအန်က သြဂုတ် ၂၉ ရက်က ရုရှား-ယူကရိန်းစစ်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်သားတွေရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။

ကျဆုံးသွားတဲ့ အာဇာနည်စစ်သားတွေရဲ့ မိသားစုဝင်တွေအတွက် သူတို့ ပေးဆပ်မှုနဲ့အညီ လှပတဲ့ ဘဝတွေ ကိုယ်စီ ပိုင်ဆိုင်စေရမယ်လို့ ကတိပြုကြောင်း ကင်ဂျုံအန်က ပြောပါတယ်။
ယူကရိန်းနယ်စပ် ရုရှား ကာ့ဇ်ဒေသကို ကာကွယ်ဖို့ ကြိုးပမ်းရာမှာ မြောက်ကိုရီးယား စစ်သား အများအပြား သေဆုံးသွားခဲ့ရတာပါ။
မြောက်ကိုရီးယား စစ်သားတွေဟာ မိမိတို့ရဲ့ ကာ့ဇ်ဒေသကို သူတို့ရဲ့ မိခင် နိုင်ငံကို ကာကွယ်သလို အပြင်းအထန် ကာကွယ်ပေးနေကြတယ်လို့ ရုရှား စစ်ဖက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

မြောက်ကိုရီးယား စစ်သားတွေကြောင့် အခက်အခဲတွေ ကြုံနေရကြောင်း အဲဒီ စစ်သားတွေဟာ လုံးဝ စစ်ရှုံးနေတဲ့ အခြေအနေမျိုးမှာတောင် လက်နက် မချဘဲ အသေခံနေကြတယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။
ကင်ဂျုံအန်ဟာ ရုရှားခေါင်းဆောင် ပူတင်နဲ့အတူ တရုတ် စစ်ရေးပြပွဲကို တက်ရောက်မှာ ဖြစ်ပြီး လာမယ့် သီတင်းပတ် တရုတ်နိုင်ငံမှာ ဆုံတွေ့ကြမှာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားက ရုရှားသို့ စစ်သားတွေ စေလွှတ်ထားကြောင်း အတည်ပြုထားပေမယ့် အင်အား ဘယ်လောက် စေလွှတ်ထားတာလဲ ဒါမှမဟုတ် သေဆုံးသူ ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားတာ မရှိပါဘူး။
အနောက်တိုင်း ထောက်လှမ်းရေးရဲ့ ခန့်မှန်းချက်အရ ယူကရိန်း တပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ မြောက်ကိုရီးယား စစ်သား ၆၀၀၀ ကျော်ရှိပြီလို့ သိရပါတယ်။
Ref:Reuters