ဘားအံ၊ သြဂုတ် ၃၁

စစ်တပ်ရဲ့ အရပ်သားတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်နေတဲ့ အတင်းအဓမ္မပျောက်ဆုံးစေမှုတွေနဲ့ အကြမ်းဖက်မှုတွေဟာ အပြည်ပြည်ဆိုင်ရာဥပဒေကို ပေါ်ပေါ်တင်တင်ချိုးဖောက်မှုအဖြစ် ရှုံ့ချဖို့ အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းတွေနဲ့ သက်ဆိုင်သူတွေကို ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က တိုက်တွန်းလိုက်ပါတယ်။

ဩဂုတ် ၃၀ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အဓမ္မပျောက်ဆုံးမှု ကျူးလွန်ခံရသူများနေ့မှာ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး မြန်မာပြည်အရှေ့တောင်ပိုင်းမှာ မြန်မာစစ်တပ်က အတင်းအဓမ္မပျောက်ဆုံးစေမှုကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လျက်ရှိနေတယ်လို့ KHRG က ဆိုထားပါတယ်။

မြန်မာပြည်အရှေ့တောင်ပိုင်း(ကရင်ပြည်နယ်)မှာ မြန်မာစစ်တပ်က အရပ်သားတွေကို သတိမပေးဘဲ ဖမ်းဆီးတာ၊ တရားရေးအရ ကာကွယ်မှုမရှိဘဲ ချုပ်နှောင်ထားတာ၊ စစ်စခန်းတွေ ဒါမှမဟုတ် အကျဉ်းထောင်တွေမှာ ဖမ်းဆီးထားတာ စတဲ့ဖြစ်စဉ်တွေကို ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ဒီကနေ့အထိ လက်ခံရရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အထူးသဖြင့် အသက် ၁၅ နှစ်ကနေ ၂၅ နှစ်အရွယ် လူငယ်ယောကျာ်းလေးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်နေတယ်လို့ စွပ်စွဲကာ အဓမ္မဖမ်းဆီးတာတွေ ပိုမိုဖြစ်ပွားကြောင်း တွေ့ရှိရတယ်လို့ KHRG က ဆိုပါတယ်။

KHRG ရဲ့ မှတ်တမ်းတွေအရ ပျောက်ဆုံးသူတွေကို မြန်မာစစ်တပ်က ဖမ်းဆီးပြီးနောက် တပ်ဖွဲ့တွေအတွက် ပေါ်တာ၊ လူသားဒိုင်း၊ လမ်းပြ၊ မိုင်းရှင်းသူတွေအဖြစ် အသုံးပြုခဲ့ပြီး ဒီအရာတွေဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ပြင်းထန်စွာချိုးဖောက်တဲ့ ပြစ်မှုတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဖြစ်စဉ်အများစုကို မြန်မာစစ်တပ်က ကျူးလွန်ထားတဲ့ ဖြစ်စဉ်တွေဖြစ်ပေမယ့် ကရင်ပြည်နယ်အတွင်း အခြားလက်နက်ကိုင်အဖွဲ့ အချို့ဟာလည်း အဓမ္မပျောက်ဆုံးစေမှုတွေ ကျုးလွန်ခဲ့ကြောင်း မှတ်တမ်းရရှိထားတယ်လို့ KHRG က ဖော်ပြထားပါတယ်။

အဓမ္မပျောက်ဆုံးစေမှုတွေရဲ့ အကျိုးဆက်တွေဟာ အလွန်ဆိုးရွားပြီး မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လူထုတွေအတွက် ကြီးမားတဲ့သက်ရောက်မှုတွေ ရှိစေပြီး ကျူးလွန်ခံရသူတွေဟာ မတွေးဝံ့စရာ အကြမ်းဖက်မှုတွေကို ကြုံတွေ့ရကာ မိသားစုဝင်တွေဟာ အဆုံးမရှိတဲ့ စိတ်ဝေဒနာတွေ၊ ကြောက်ရွံ့မှုတွေ၊ ဝမ်းနည်းမှုတွေနဲ့ မရေရာမှုတွေကို ရင်ဆိုင်ခံစားနေရတယ်လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းနဲ့ သက်ဆိုင်သူတွေအနေနဲ့ ရမ်းသမ်းတိုက်ခိုက်မှု၊ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာရမှု၊ အဓမ္မပျောက်ဆုံးစေမှုနဲ့ အခြားသောအကြမ်းဖက်မှုတွေကို ကျူးလွန်နေတဲ့ စစ်အာဏာရှင်အပေါ် မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကြပ်အတည်းတွေ ပေါ်ပေါက်စေတဲ့ အဓိကတရားခံအဖြစ် အတိအလင်းသတ်မှတ်ဖို့ KHRG က တိုက်တွန်းပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ရဲ့ အကြမ်းဖက်မှုတွေကို ငွေကြေးထောက်ပံ့နိုင်မှုကို ရပ်တန့်ဖို့၊ စစ်လက်နက်ပစ္စည်းတွေ ရောင်းချမှုကို အလုံးစုံပိတ်ဆို့ဖို့၊ စစ်ခေါင်းဆောင်တွေ၊ စစ်တပ်နဲ့ပူးပေါင်းတဲ့ ကုမ္ပဏီတွေနဲ့ အဓိကဝင်ငွေအရင်းအမြစ်တွေအပေါ် တိကျတဲ့ ပိတ်ဆို့အရေးယူမှုတွေ အချက်တွေအပါအဝင် အချက် ၈ နဲ့ အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းနဲ့ သက်ဆိုင်သူတွေကို ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က တိုက်တွန်းလိုက်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.