ပုလော၊ ဩဂုတ် ၃၀

တနင်္သာရီတိုင်း ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာ ဘုန်းကြီးကျောင်းကို တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ ဩဂုတ် ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်မှာ ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာ ဘုန်း ကြီးကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ပေါင် ၃၀၀ ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့တဲ့အပြင် ပွိုင့်ဖိုက် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သွားတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇရပ်ဆိပ်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်းရှိ ဆွမ်းစားဓမ္မာရုံအပါအဝင် ဆွမ်းချက်ဆောင်နဲ့ အခြားအဆောင်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ပြီးခဲ့တဲ့ လပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ ပလမြို့တိုက်ပွဲကြောင့် ဇရပ်ဆိပ်အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေရတာကြောင့် အရပ်သားထိခိုက်တာ မရှိဘူးလို့ သိရပါတယ်။

လက်ရှိမှာလည်း ပလမြို့အနီးရှိ ကြဲနဲ့ စက်တော်ရာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်က အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ကလည်း ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတွေအပါအဝင် ခရီးသွားပြည်သူ ၁၀ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.