ကျောက်မဲ ၊ ဩဂုတ် ၃၁
တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတချို့ကို စစ်တပ်က အင်အားအလုံး အရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်ပြီး ပြန်လည်သိမ်းပိုက်ထိန်းချုပ်လာနိုင်တယ်လို့ စစ်ကော်မရှင်အောက်မှာရှိတဲ့ နိုင်ငံပိုင်ဝါဒဖြန့် သတင်းစာတွေက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်ကစပြီး ဩဂုတ်လအထိ မိုးဗြဲ၊နောင်ချို၊သပိတ်ကျင်း၊ဒီးမော့ဆိုစတဲ့ မြို့တွေအပါအ ဝင် အယ်လ်ဖာဘိလပ်မြေစက်ရုံ၊ ဖယောင်းတောင် သတ္တုတွင်း၊ ဂုတ်ထိပ်တံတားနဲ့ အနီးတဝိုက်ကို ပြန်လည် ထိန်းချုပ်လာနိုင်တာ ဖြစ်ပါတယ်။
အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီကနေ စစ်ကော်မရှင်အဖြစ် အသွင်ပြောင်းပြီးနောက်ပိုင်းမှာ စစ်တပ်က စစ်ဆင်ရေးအရှိန်ကို တစ်ဆင့်ချင်း တိုးမြှင့်လာတာပါ။
ဒါဟာ အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကနေ နည်းမျိုးစုံနဲ့ တပ်သားစုဆောင်းခဲ့ပြီး သောင်းချီရရှိလာတဲ့ အင်အားတွေကို လူလှိုင်းအဖြစ် အသုံးချကာ လက်လွှတ်နယ်မြေတွေကို ထိုး စစ်ဆင်လာနိုင်တာလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
CDM ဗိုလ်ကြီး ကောင်းသူဝင်းက “သူတို့အတွက် (စစ်တပ်) အလိုအပ်ဆုံးဖြစ်နေတဲ့ စစ်အင်အား လူအင်အားရဖို့အတွက်လည်း စစ်မှုထမ်းဥပဒေတွေ ပေါ်တာဆွဲတာတွေ ဘယ်လိုနည်းနဲ့ပဲ ရရ သူတို့အတွက် လိုအပ်တဲ့ အင်အားရဖို့ဆိုပြီး နည်းမျိုးစုံအသုံးပြုပြီး လုပ်လာတယ်။ အဲဒီအတွက် ၂၀၂၅ ထဲမှာ တန်ပြန်ထိုးစစ်တွေ ဆင်လာနိုင်တယ်။ ပြည်သူ့စစ်မှုထမ်းတွေနဲ့ လူအင်အားတွေ အများကြီးရှိလာပြီးတော့ တန်ပြန်ထိုးစစ်တွေ ဆင်တာတွေ ကျဆုံးခါနီးလုလုဖြစ်နေတဲ့ မြို့တွေကို မကျနိုင်အောင် သူတို့ ထိန်းထားနိုင်တယ်ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်ခဲ့တယ်”လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအပြီး တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုတွေကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ မြို့သိမ်းစခန်းသိမ်း တိုက်ပွဲတွေဟာ အရှိန်အဟုန် လျော့ကျလာခဲ့ပြီး စစ်တပ်ဘက်က စိုးမိုးနယ်မြေတွေ ထပ်မံမဆုံးရှုံးဖို့ တန်ပြန်ထိုးစစ် စတင်လာခဲ့ပါတယ်။
တစ်ဘက်မှာ အထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားတဲ့ စစ်ကော်မရှင်က တစ်နိုင်ငံလုံးကို မဲဆန္ဒနယ်မြေတွေအဖြစ် သတ်မှတ်ထားတာကြောင့် လက်လွှတ်နယ်မြေတွေထဲက အချက် အချာကျပြီး အရေးပါတဲ့ ဒေသတွေကို စစ်တပ်က တောက်လျှောက် ထိုးစစ်ဆင်ခဲ့တာပါ။
ဒီအတွက်ကြောင့် တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုနဲ့ ကျောက်မဲမြို့ကြားက ဂုတ်တွင်းတံတားနဲ့ ဂုတ်ထိပ်မီးရထားလမ်းကြား နေရာတစ်ဝိုက်ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ထားတယ်လို့ ဩဂုတ် ၃၀ ရက်နေ့ထုတ် သတင်းစာမှာ ဖော်ပြပါတယ်။
စစ်တပ်အနေနဲ့ ဩဂုတ် ၁၉ ရက်နေ့ကစပြီး ကျောက်မဲမြို့ကို ဦးတည်ကာ စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်ခဲ့ပြီး ဩဂုတ် ၂၉ ရက်မှာတော့ ဂုတ်ထိပ်တံတားနဲ့ အနီးတဝိုက်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
နောင်ချို-ဂုတ်တွင်း လမ်းကြောင်းနဲ့ နောင်ချို-ဂုတ်ထိပ် မီးရထားလမ်းကြောင်းတွေကို အသုံးပြုတဲ့ စစ်ဆင်ရေးကာလ ၁၂ ရက်အတွင်း တအာင်းတပ် TNLA နဲ့ တိုက်ပွဲကြီးငယ် ၄၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာပါ။
ဒီအပေါ် တအာင်းတပ် TNLA ဘက်ကတော့ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။
တော်လှန်ရေးအင်အားစုတွေရဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး လက်နက်ကိုင်တိုက်ပွဲတွေကြောင့် စစ်တပ်က နိုင်ငံတဝန်းရှိ မြို့ပေါင်း ၉၀ ကျော်ကို အလုံးစုံလက်လွှတ်ထားရာကနေ အခုချိန်မှာ နယ်မြေတချို့ကို ပြန်လည်စိုးမိုးလာနေတာပါ။
CDM ဗိုလ်ကြီး ကောင်းသူဝင်းက ရွေးကောက်ပွဲမတိုင်ခင်ကာလအထိ စစ်တပ်အနေနဲ့ ရသလောက် မြို့တွေကို ပြန်သိမ်းယူမှာဖြစ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ခံစစ်အနေအထားမှာ လက်နက်ခဲယမ်း ပိုခက်ခဲလာနိုင်တယ်လို့ ထောက်ပြပါတယ်။
“စစ်တပ်ကတော့ သူ့ရဲ့ ရည်မှန်းချက်ပေါ့ ၂၀၂၅ ရွေးကောက်ပွဲမတိုင်ခင်ကာလအထိတော့ ရသလောက် မြို့တွေကို ပြန်ပြီးယူနိုင်ဖို့ သူတို့ ကြိုးစားလိမ့်မယ်။ ကြိုးစားတဲ့အချိန်မှာ ဒီဘက်က (တော်လှန်ရေးအင်အားစု) တန်ပြန်ခံစစ်ဆိုတဲ့ အနေအထားမျိုး ရောက်နေတယ်။ ရောက်တဲ့အချိန်မှာ လက်နက်ခဲယမ်း ထောက်ပံ့ပို့ဆောင်မှုအပိုင်းမှာကတော့ စစ်ကောင်စီကို ဒီဘက်က မယှဉ်နိုင်တဲ့ အနေအထားမှာ အခက်အခဲတွေကတော့ ပိုပြီး ခက်ခဲလာနိုင်တဲ့အနေအထားမျိုးတွေ ရှိတယ်”လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေးရဲ့ တပ်ဦးဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ဆင်ရေးအရှိန်မြှင့်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာရှိတဲ့ အထူးတိုင်းစစ်ဌာနကို ဒီရက်ပိုင်းအတွင်း ဖွဲ့စည်းထားတာပါ။
အထူးတိုင်းစစ်ဌာနအနေနဲ့ တိုင်းစစ်ဌာနကွပ်ကဲမှုအောက်မှာရှိတဲ့ နည်းဗျူဟာတွေ၊တပ်ရင်းတွေနဲ့ တိုင်းစစ်ဌာနစစ်ဆင်ရေးကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့တွေကို ဦးစီးကွပ်ကဲပြီး မဟာမိတ် EROs တပ်ဖွဲ့တွေ၊ Local PDF တွေနဲ့အတူ စစ်ဆင်ရေးတွေကို အရှိန်အဟုန်မြှင့် ဖော်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
လက်ရှိမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာ အထူးတိုင်းစစ်ဌာနအပါအဝင် ဒေသအလိုက် တိုင်းစစ်ဌာန ၁၀ ခုကို ဖွဲ့စည်းပြီး တပ်ရင်း၊တပ်ဖွဲ့တွေကို ကွပ်ကဲတိုက်ပွဲဝင်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SAC