ကျောက်ကြီး၊ သြဂုတ် ၃၀

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် တလိုင်းခင်ကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်မှာ နတ်သံကွင်းအခြေစိုက် စစ်ကော်မရှင်တပ်ကနေ တလိုင်းခင်ကျေးရွာထဲကို လက်နက်ကြီး ၁၂၀ မမ တစ်လုံး ပစ်ခတ်ခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၁ နှစ်အရွယ် နော်ဒါးထူးနဲ့ အသက် ၇၀ အရွယ် စောတိုးနော်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်လည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ အဲဒီနေ့ ညနေ ၅ နာရီခွဲအချိန်လောက်မှာလည်း လက်နက်ကြီး ၁၂၀ မမ တစ်လုံး ထပ်မံပစ်ခတ်ခဲ့ပြီး တလိုင်းခင်ကျေးရွာအ‌ရှေ့ဘက် လယ်ကွင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

KNU ဗဟိုကတော့ စစ်ကော်မရှင်တပ်ဟာ ကျောက်ကြီး၊ ရွှေကျင်နဲ့မုန်းမြို့နယ်က အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို နေ့စဉ်လိုလို လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်နေတာကြောင့် ပြည်သူလူထုတွေ စိုးရိမ်ကြောက်ရွံ့မှုနဲ့ ရှင်သန်နေရတယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.