အလက်စကား၊ သြဂုတ် ၁၆

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးရာမှာ မိမိတို့ သဘောတူညီမှု မရနိုင်ခဲ့ပေမယ့် အခြေအနေ တိုးတက်မှု ရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောပါတယ်။

အလက်စကားမှာ ၃ နာရီ နီးပါးကြာအောင် တွေ့ဆုံခဲ့ပြီးနောက် ထရန့်က ကျွန်တော်တို့ သဘောတူညီမှု ရတဲ့အထိ မရောက်နိုင်ခဲ့ပါဘူးလို့ မီဒီယာကို ပြောထားတာပါ။

သမ္မတ ပူတင်က စစ်ပွဲ အဆုံးသတ်ရေး လုပ်ဆောင်ဖို့ ရိုးသားစွာ စိတ်ဝင်စားတယ်လို့ ပြောပေမယ့် အသေးစိတ်ကို ပြောမသွားပါဘူး။ သမ္မတ နှစ်ယောက်စလုံးက မီဒီယာသမားတွေကို မေးခွန်း မေးခွင့် မပေးခဲ့ကြပါဘူး။

ဆွေးနွေးမှုပြီးတဲ့နောက် ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထရန့်က ရုရှားနဲ့ သဘောတူညီမှု ရယူရေး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကိုတိုက်တွန်း ပြောကြားခဲ့တာပါ။

ပူတင်နဲ့ ထရန့် ဆွေးနွေးရာမှာ ဇီလန်စကီး တက်ရောက်ခွင့် မရရှိခဲ့ပါဘူး။ ဒါပေမဲ့ ထရန့်က နယ်မြေတွေ လဲလှယ်ရေးနဲ့ ပတ်သက်လို့ ဆုံးဖြတ်ဖို့က ယူကရိန်းအပေါ် မူတည်နေတယ်လို့ ပြောထားပါတယ်။

အဲဒီအချိန်မတိုင်ခင်ကတော့ ထရန့်က ယူကရိန်း နယ်မြေတချို့ ပြန်ရအောင် တောင်းပေးမယ်လို့ ပြောထားပါတယ်။

ပူတင်နဲ့ ထရန့် မဆွေးနွေးခင် ရုရှားတပ်တွေက ယူကရိန်း အရှေ့ပိုင်းမှာ ရုတ်တရက် ထိုးစစ်ဆင်ခဲ့ပြီး တတ်နိုင်သမျှ နယ်မြေတွေများများ သိမ်းပိုက်ရရှိရေး ကြိုးပမ်းခဲ့တာပါ။

ဒီအတောအတွင်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးရဲ့ ဖမ်းဝရမ်းထုတ်တာခံထားရတဲ့ ပူတင်ကို ကော်ဇောနီခင်းပြီး ကြိုးဆိုခဲ့တဲ့ ထရန့်ရဲ့ လုပ်ရပ်ကို ဝေဖန်နေကြပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.