မြဝတီ၊ သြဂုတ် ၁၆

ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲကို ပို့ဆောင်မယ့် စက်သုံးစီယာဉ်တွေကိုပါ စစ်တပ်ဘက်က လိုက် လံပိတ်ဆို့ဖမ်းဆီးနေတဲ့အတွက် မြဝတီမြို့ပေါ်မှာ စက်သုံးဆီဈေးနှုန်း ထိုးတက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင် ဒုချုပ်စိုးဝင်းရဲ့ အမိန်နဲ့ ဘားအံမြို့မှာ တရားမဝင်ကုန်စည်တွေကို ဖမ်းဆီးအရေးယူမှုနဲ့အတူ ဘားအံမြို့ကနေ မြဝတီမြို့ကို သယ်ယူပို့ဆောင်သွားမယ့် စက်သုံးဆီယာဉ်တွေကိုပါ လိုက်လံဖမ်းဆီးနေတာပါ။

မြဝတီမြို့သို့ ပို့ဆောင်မယ့် စက်သုံးဆီယာဉ်တွေကို စစ်တပ်က ဖမ်းဆီးအရေးယူမှုတွေကြောင့် ဩဂုတ် ၁၄ ရက်နေ့ကစလို့ မြဝတီမြို့ပေါ်က စက်သုံးဆီဆိုင်ကြီးတွေဟာ စက်သုံးဆီတွေကို အ ကန့်အသတ်၊ အချိန်ပိုင်းနဲ့သာ ရောင်းချနေကြပြီး ဆီပြတ်လပ်မှာကို စိုးရိမ်နေတဲ့အတွက် ဒေသခံတွေအများအပြား ဆီတွေကို အလုအယက်ဝယ်ယူတန်းစီနေကြပါတယ်။

ဒါ့အပြင် ဒေသခံတွေဟာ တဖက်ထိုင်းနိုင်ငံ မဲဆောက်မြို့ထဲကို ကားတွေနဲ့ သွားရောက်ပြီး စက်သုံးဆီဝယ်ယူနေကြတဲ့အတွက် အမှတ် ၁ ချစ်ကြည်ရေးတံတားထိပ်မှာ မနက်အစောပိုင်းကစပြီး ကားတွေအများအပြား တန်းစီစောင့်ဆိုင်းနေကြတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

မြဝတီမြို့မှာ အရင်က စက်သုံးဆီ တစ်လီတာကို ကျပ် ၃၅၀၀ သာ ရှိခဲ့ပေမယ့် စစ်တပ်ဘက်က စက်သုံးဆီကားတွေကို ဖမ်းဆီးလိုက်တဲ့သတင်း ထွက်ပေါ်ပြီးတဲ့နောက်ပိုင်းမှာတော့ စက်သုံးဆီဈေးဟာ ဩဂုတ် ၁၅ ရက်နေ့ နေ့လယ်ပိုင်းအထိ တစ်လီတာကို ကျပ် ၁၀၀၀၀ ဝန်းကျင်အထိ ပေါက် ဈေးရှိနေတယ်လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

စစ်အုပ်စုက ကရင်ပြည်နယ်ကို စစ်ဆင်ရေးလုပ်ဖို့အတွက် စက်သုံးဆီတွေကို အခုလို ဖမ်းဆီးအရေးယူ ပိတ်ဆို့လိုက်တာဖြစ်ပြီး တရားမဝင်ကုန်စည်ပစ္စည်းတွေ လိုက်လံဖမ်းဆီးမှုနဲ့ စက်သုံးဆီတွေ ဖမ်းဆီးပိတ်ဆို့တာတွေကြောင့် ဒေသတွင်းမှာ ကုန်ဈေးနှုန်းတွေဟာ ပိုမိုကြီးမားလာနိုင်တယ်လို့သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.