ရေး၊ ဩဂုတ် ၁၅

မွန်ပြည်နယ် ရေး – သံဖြူဇရပ်လမ်းပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ Non CDM ကျောင်းဆရာမ လေးဦးကို ခံဝန်ကတိ လက်မှတ်ထိုးစေပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ရေးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ နှစ်ခုက ဒီကနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

မနေ့ သြဂုတ် ၁၄ ရက်နေ့ မနက်ပိုင်းမှာ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF တပ်ဖွဲ့တို့ဟာ သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာအနီး ရေး – သံဖြူဇရပ်လမ်းပိုင်းမှာ လုံခြုံရေးအရ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာပါ။

အဲဒီလို စစ်ဆေးရာမှာ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲအတွက် သင်တန်းတက်ရောက်ကြမယ့် Non CDM ကျောင်းဆရာမ လေးဦးကို ခရီးသွားကားတစ်စီးပေါ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ Non CDM ကျောင်းဆရာမ လေးဦးကို ၂၄ နာရီနီးပါးအကြာ စစ်ဆေးမေးမြန်းပြီးနောက် သြဂုတ် ၁၅ ရက်နေ့ ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီကျောင်းဆရာမ လေးဦးအနေနဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ ဆက်လက်ပါဝင်ပတ်သက်တာ မလုပ်ဖို့ ခံဝန်ကတိ လက်မှတ်ထိုးစေခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

MSRF နဲ့ YPDF တပ်ဖွဲ့ နှစ်ဖွဲ့ကတော့ မွန်ပြည်နယ် ရေးမြို့နယ်အတွက် ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်ကြမယ့် Non CDM ဝန်ထမ်းတွေရဲ့ စာရင်းတွေ ရရှိထားပြီလို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MSRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.