ဆိုးလ်၊ သြဂုတ် ၁၅
ဆိုးလ်အစိုးရနဲ့ ဆက်ဆံရေး တိုးတက်အောင် လုပ်ဆောင်ဖို့ စိတ်မဝင်စားဘူးလို့ ပြုံးယမ်းက ပြောကြားပြီး တစ်ရက်အကြာမှာ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားရဲ့ နိုင်ငံရေးစနစ်အပေါ် လေးစားသမှု ထားရှိပြီး စစ်ရေး ယုံကြည်မှု တည်ဆောက်သွားမယ်လို့ သြဂုတ် ၁၅ ရက်မှာ ကြွေးကြော်လိုက်ပါတယ်။
ဇွန်လမှာ ရွေးကောက်ခံရပြီးနောက်ပိုင်း သမ္မတ လီက အရင် သမ္မတဟောင်းရဲ့ ရန်လိုတဲ့ ပြောဆိုမှုတွေနဲ့ ပြောင်းပြန်အဖြစ် နျူကလီးယား လက်နက် ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားကို ဆက်သွယ်ပြီး ကြိုတင် သတ်မှတ်ချက်တွေ မရှိဘဲ ညှိနှိုင်းဆွေးနွေးဖို့ ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

ဂျပန် အုပ်ချုပ်မှုအောက်က လွတ်မြောက်တဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ပြောကြားမှုအတွင်း သမ္မတ လီက တောင်ကိုရီးယား အစိုးရအနေနဲ့ မြောက်ကိုရီးယားနဲ့ တင်းမာမှုများ လျှော့ချရေး အမြဲမပြတ် ကျင့်သုံးမယ့် အစီအစဉ်တွေ ချမှတ်ပြီး ယုံကြည်မှု ပြန်ရရှိအောင် ကြိုးပမ်းသွားမယ်လို့ ပြောဆိုထားတာပါ။
သြဂုတ် ၁၅ ရက်ဟာ ဂျပန်လက်အောက်က ပြန်လွတ်မြောက်တဲ့ နေ့ ဖြစ်ပြီး မြောက်ကိုရီးယားမှာရော တောင်ကိုရီးယားမှာပါ အများပြည်သူ အားလပ်ရက်အဖြစ် သတ်မှတ်ထားတဲ့နေ့ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ လက်ရှိစနစ်ကို မိမိတို့ လေးစားကြောင်း မိမိတို့ အတည်ပြုကြောင်းနဲ့ ရန်လိုတဲ့ အပြုအမူတွေ လုပ်ဆောင်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ သမ္မတ လီက ပြောပါတယ်။
ယုံကြည်မှု တည်ဆောက်ရေး၊ ဆွေးနွေးမှုများ ပြန်လည် ရှင်သန်လာစေရေး မြောက်ကိုရီးယားကလည်း မိမိတို့လို လိုက်ပါ လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း တောင်ကိုရီးယား သမ္မတက ဆိုတာပါ။
ဆိုးလ်အစိုးရနဲ့ ဆက်ဆံရေး တိုးတက်အောင် လုပ်ဆောင်မှာ မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီမ ကင်ယိုဂျောင်က ပြောကြားပြီး တစ်ရက်အကြာမှာ သမ္မတ လီရဲ့ အခုလို ပြောဆိုမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားက နယ်စပ်ရှိ ဝါဒဖြန့် အသံချဲ့စက်တွေကို ဖြုတ်ပစ်လိုက်ပြီဆိုတဲ့ သတင်းတွေကိုလည်း ကင်ယိုဂျောင်က ငြင်းဆိုထား ပါတယ်။
Ref:AFP