မိုးကုတ်၊ ဩဂုတ် ၁၅
မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက် ည ၈ နာရီခွဲအချိန်ခန့်မှာ မိုးကုတ်မြို့အရှေ့ပိုင်း ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းအား စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုတာ လေယာဉ်နဲ့ ပေါင် ၅၀၀ဗုံးတစ်လုံး လာရောက်ကြဲချခဲ့တာပါ။

စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၇ လုံးလည်း ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

အလားတူ သြဂုတ် ၉ရက်နေ့လည်း မိုးကုတ်မြို့အရှေ့ပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သာမဏေ တစ်ပါးနဲ့ ပြည်သူလူထု ၄ ဦးသေဆုံးခဲ့ပြီး ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခု ဩဂုတ်လအတွင်းမိုးကုတ်၊ ကျောက်မဲ၊ သီပေါမြို့နယ်တွေမှာ စစ်တပ်ရဲ့လေကြောင်းကနေ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၇ ဦး သေဆုံးပြီး ၁၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA