အော်စလို၊ သြဂုတ် ၁၅
အခွန်ကိစ္စနဲ့ပတ်သက်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြီးခဲ့တဲ့လအတွင်း နော်ဝေ ဘဏ္ဍာရေးဝန်ကြီးဆီ ဖုန်းခေါ်ဆိုချိန်မှာ သူ့အနေနဲ့ နိုဘယ် ငြိမ်းချမ်းရေးဆု ရချင်ကြောင်း ပြောကြားခဲ့တယ်လို့ နော်ဝေး စီးပွားရေး နေ့စဉ်ထုတ် သတင်းစာ Dagens Naeringsliv က သြဂုတ် ၁၄ ရက်မှာ ဖော်ပြပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိအောင် ဒါမှမဟုတ် အပစ်အခတ် ရပ်စဲရေး ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့အတွက် အစ္စရေး၊ ပါကစ္စတန်နဲ့ ကမ္ဘောဒီးယားအပါအဝင် နိုင်ငံ တချို့က ထရန့်ကို နိုဘယ်ငြိမ်းချမ်းရေး ဆုအတွက် အမည်စာရင်း တင်သွင်းထားပါတယ်။

အရင်က အမေရိကန်သမ္မတ လေးဦး ရရှိခဲ့တဲ့ နိုဘယ် ငြိမ်းချမ်းရေးဆုကို သူလည်း ရသင့်တယ်လို့ ထရန့်က ပြောဆိုထားတာပါ။
အော်စလိုမြို့ လမ်းမပေါ်မှာ ဘဏ္ဍာရေးဝန်ကြီး ယန်စတိုးလ်တန်ဘာဂ့် လမ်းလျှောက်လာချိန် သမ္မတ ထရန့်က မမျှော်လင့်ဘဲ ဆက်သွယ်လာခဲ့တာ ဖြစ်တယ်လို့ Dagens Naeringsliv နေ့စဉ် သတင်းစာက ဖော်ပြပါတယ်။
သူ့အနေနဲ့ နိုဘယ် ငြိမ်းချမ်းရေးဆု ရလိုပြီး အခွန်ကိစ္စ ဆွေးနွေးလိုတယ်လို့ ထရန့်က ပြောခဲ့တာပါ။

နော်ဝေးဝန်ကြီးချုပ် ယောနာ့စ် စတိုရီနဲ့ မဆွေးနွေးခင် ထရန့်ရဲ့ ဆက်သွယ်လာမှုဟာ အခွန်ကိစ္စ ဆွေးနွေးဖို့နဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးဖို့အတွက် ဖြစ်တယ်လို့ စတိုးလ်တန်ဘာ့ဂ်က ပြောပါတယ်။
သူတို့နှစ်ယောက်ကြား ပြောဆိုခဲ့တဲ့ စကားတွေကို အသေးစိတ် နောက်ထပ် ပြောဆိုမှာ မဟုတ်ကြောင်း သူက ဖြည့်စွက် ပြောပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်နဲ့ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ဂျင်မီဆင် ဂါအာတို့ အပါအဝင် အိမ်ဖြူတော် အရာရှိတွေလည်း အဲဒီ ဖုန်းပြောဆိုမှုမှာ ပါဝင်ခဲ့တယ်လို့ ဝန်ကြီး စတိုလ်တန်ဘာ့ဂ်က ပြောထားပါတယ်။
ထရန့်က နိုဘယ်ငြိမ်းချမ်းရေး ဆုလိုချင်တယ်လို့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်ကရော နော်ဝေးရှိ နိုဘယ် ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး အဖွဲ့ကပါ မှတ်ချက် မပြုသေးပါဘူး။
Ref:Reuters