နေပြည်တော် ၊ ဩဂုတ် ၁၅

ဒီနှစ်ကုန်ပိုင်းနဲ့ နောက်နှစ်ဆန်းပိုင်းမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ လုံခြုံရေးအပါအဝင် မဲဆွယ်စည်းရုံးရေးတွေမှာ အခက်အခဲ စိန်ခေါ်မှုတွေ ရှိလာနိုင်တယ်လို့ ပါတီတချို့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ အင်အားစုတွေက စစ်အုပ်စုအသက်ဆက်ဖို့နဲ့ အာဏာ သိမ်းမှု တရားဝင်ဖြစ်ရေးအတွက် ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို မရရတဲ့နည်းနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ထုတ်ပြောထားကြတာပါ။

ဒီအပေါ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲမှာ ပါဝင်မယ့် နိုင်ငံရေးပါတီဝင်တွေ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးတဲ့ ကာလကနေ မဲပေးကာလအထိ လုံခြုံစွာ လုပ်ကိုင်နိုင်ရေး လိုအပ်တဲ့ ကာကွယ်ပေးမှုတွေ ဆောင်ရွက်ပေးသွားမယ်လို့ ဩဂုတ် ၁၂ ရက်နေ့မှာ ပြောဆိုလာပါတယ်။

ရွေးကောက်ပွဲကျင်းပချိန်မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးရေးလုပ် ငန်းတွေ လုပ်ဆောင်နိုင်ဖို့ စီစဉ်‌ပေးရမှာဖြစ်သလို ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်း ရုံးချိန်တွေမှာ သူတို့ရဲ့ လုံခြုံရေးအတွက် စစ်ကော်မရှင်အနေနဲ့ စီစဉ်ပေးရမယ်လို့ ဆိုပါတယ်။

မွန်တိုးတက်ရေးပါတီ ခေါင်းဆောင်တစ်ဦးက ရွေးကောက်ပွဲဖြစ်မှသာ တစ်ရက်တစ်လေ လုံခြုံရေးပေးတာဖြစ်လို့ စဉ်းစားစရာ အများကြီးရှိသေးတယ်လို့ ပြောပါတယ်။

“လုံခြုံမှုဆိုတာကတော့ ဘယ်လောက်အထိ သူတို့က ကျွန်တော်တို့ကို ပေးနိုင်မှာလဲ။ ဒါကတော့ မဖြစ်နိုင်ဘူးထင်တယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲဖြစ်မှသာလျှင် တစ်ရက်တလေ သူတို့ လုံခြုံရေးပေးပြီး ရေရှည်မှာ ဘယ်လိုလုပ် လုံခြုံမှုပေးနိုင်မှာလဲ။ ကျွန်တော်တို့ စဉ်းစားစရာ အများကြီး ရှိသေးတာပေါ့”လို့ ဆိုပါတယ်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေကို စစ်ကော်မရှင်အဖြစ် အသွင်ပြောင်းမဖွဲ့စည်းခင် ရက်ပိုင်းအလိုမှာ စစ်ကောင်စီက ဇူလိုင် ၂၉ ရက်နေ့မှာ ပြဌာန်းထားတာပါ။

အဲဒီဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီကို အဖွဲ့ဝင် ၁၄ ဦးနဲ့ ဖွဲ့စည်းပြီး ဩဂုတ် ၁၃ ရက်နေ့မှာ ပထမအ ကြိမ်အဖြစ် ဗဟိုကော်မတီအစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ဒေသ၊ ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့်ထိပါ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီတွေကို အဆင့်ဆင့်ဖွဲ့စည်းထားပြီလို့ ဆိုပါတယ်။

အဲဒီကော်မတီအဆင့်ဆင့်အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာကာလတွေအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး အထူးအလေးထားဖို့ လိုအပ်ပြီး လုံခြုံရေးဆိုင်ရာလုပ်ငန်းတွေကို ကြိုးပမ်းလုပ်ဆောင်ဖို့နဲ့ သက်ဆိုင်ရာဌာနတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပေါင်းစပ်ဖို့ ဗဟိုကော်မတီ ဥက္ကဌက ပြောကြားထားတာပါ။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုးက မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီဖြစ်လို့ ကော်မရှင်က ရွေးကောက်ပွဲကျင်းပရင် ဝင်ရမယ့် သဘောမို့ လုံခြုံရေးကိုတော့ မီးစင်ကြည့်ပြီး သွားရမယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့က နိုင်ငံရေးပါတီတွေဖြစ်တယ်။ မှတ်ပုံတင်ထားတယ်။ရွေးကောက်ပွဲကိုတော့ ဝင်ရမယ်။ မဝင်လို့ မရဘူး၊ မဝင်ဘူးဆိုလို့ရှိရင် ပါတီဖျက်သိမ်းခြင်းခံရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့က ရွေးကောက်ပွဲကိုတော့ ဘယ်နည်းနဲ့မဆို ဝင်ရမှာပဲ။ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုရင် ဝင်ရမှာပဲဆိုတဲ့ သဘောမျိုးတော့ ရှိတယ်။ လုံခြုံရေးအပိုင်းနဲ့ ပတ်သက်ပြီး အခြေအနေအရ ကျွန်တော်တို့က ကြည့်ပြီးတော့ မီးစင်ကြည့်ပြီး သွားရမှာပဲ”လို့ ဆိုပါတယ်။

လက်ရှိ ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဟာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေ မဲဆွယ်စည်းရုံးမှုတွေ လွတ်လပ်စွာ ဆန္ဒမဲပေးရေးတို့ကို တားဆီးနှောင့်ယှက်ခြင်းကနေ ကာကွယ်ဖို့နဲ့ မဲရုံတာဝန်ကျသူတွေကို ကာကွယ်‌ပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဒီလိုမျိုး ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံးမှာ ကဏ္ဍအသီးသီးကနေ ပါဝင်ကြမယ့် သူတွေကို ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ အကာအကွယ်ပေးဖို့ အာမခံချက်ပေးထားပေမယ့် နိုင်ငံရေးပါတီတချို့ကတော့ အပြည့်အဝ မယုံကြည်ကြပါဘူး။

တစ်ဘက်မှာ ဝင်ပြိုင်ကြမယ့် ပါတီတွေအနေနဲ့ မဲဆန္ဒနယ်မြေအလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းရရှိဖို့နဲ့ မဲဆွယ်စည်းရုံးရေးအတွက် အခက်အခဲရှိသလို လုံခြုံရေးကလည်း အဓိက ကျတဲ့အပြင် ပါတီရန်ပုံငွေလည်း အရေးကြီးတဲ့ စိန်ခေါ်မှုလို့ ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီတချို့က ဆိုပါတယ်။

ဒါ့အပြင် အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ် တော်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေနဲ့ နည်းဥပဒေတွေမှာ ပြင်ဆင်ဖြည့်စွက်ထားတဲ့ ပြဌာန်းချက်တွေထဲမှာ ကန့်သတ်ချက်တွေလည်း ရှိနေတာပါ။

မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ကန့်သတ်ချက်တွေ အများကြီးရှိနေတဲ့အပေါ် ဘယ်လိုမျိုး ထိပ်တိုက်ရင်ဆိုင်ရမယ် ဘယ်လို အခက်အခဲတွေ့မယ်ဆိုတာ မဲဆွယ်စည်းရုံးကာလကျမှ ပြောနိုင်မယ်လို့ ပြောပါတယ်။

“ကန့်သတ်ချက်တွေတော့ အများကြီးပဲပေါ့၊ ဒါပေမယ့် ကျွန်တော်တို့က အဲဒီ ဥပဒေနဲ့ နည်းဥပဒေရဲ့ ကန့်သတ်ချက်တွေ အများကြီးပေါ့။ဒါပေမယ့် လက်တွေ့တော့ မလုပ်ဆောင်ရသေးဘူးဆိုတော့ ကျွန်တော်တို့ မပြောနိုင်ဘူး။ အဓိက လက်တွေ့ လုပ်ငန်းမှာ ထိပ်တိုက် ဘယ်လိုရင်ဆိုင်ရမလဲ ဘယ် လို အခက်အခဲတွေ့ရမလဲဆိုတာ ကျွန်တော်တို့ မဲဆွယ်စည်းရုံးတဲ့ ကာလကျမှ ကျွန်တော်တို့ အတိ အကျ ပြောနိုင်တာပေါ့”လို့ ဆိုပါတယ်။

လွှတ်တော်သုံးရပ်မှာ ပြဌာန်းလိုက်တဲ့ ရွေးကောက်ပွဲနည်းဥပဒေတွေထဲမှာ နိုင်ငံရေးပါတီကိုယ်စား လှယ်တွေ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်တွေဟာ မဲဆွယ်စည်းရုံးဖို့ စုဝေးဟောပြောရာမှာဖြစ်စေ ရေးသားပုံနှိပ်ဖြန့်ဝေရာမှာဖြစ်စေ တားမြစ်ချက်တွေကို မဖောက်ဖျက်ရဘူးလို့ ဖော်ပြထားတာာပါ။

အဲဒီထဲမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်အောင် ပြုမူတာနဲ့ တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ်စေတာ ဒါမှမဟုတ် တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်‌စေဖို့ လုပ်ဆောင်တာ ဟောပြောတာ ရေးသားပုံနှိပ် ထုတ်ဝေတာတွေလည်း ပါပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ထိခိုက်ပျက်ပြားစေဖို့ သွေးထိုးလှုံ့ဆော်ဟောပြောတာ ရေးသားပုံနှိပ်ထုတ်ဝေတာနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အစိုးရအား ဆန့်ကျင်ဆန္ဒပြစေဖို့ သွေးထိုးလှုံ့ ဆော်ဟောပြောတာ ရေးသားပုံနှိပ်ထုတ်ဝေတာတွေလည်း တားမြစ်ထားတာပါ။

မန်းအောင်ပြည်စိုးက သတ်မှတ်ထားတဲ့ ဥပဒေနဲ့ လွတ်လွတ်ကင်းကင်း ပြောဆိုစည်းရုံးပြီး တားမြစ်ချက်တွေကို ရှောင်ရှားမယ်ဆိုရင် ပြဿနာမရှိနိုင်ဘူးလို့ ပြောပါတယ်။

တစ်ဘက်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ပုဂ္ဂလိကပိုင်မီဒီယာတွေကတဆင့် မဲဆွယ်စည်းရုံးဟောပြောတာ၊ ရိုက်ကူးထုတ်လွှင့်တာပြုလုပ်လိုရင် သက်ဆိုင်ရာ ဥပဒေ နည်းဥပဒေတွေ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ လုပ်ဆောင်ရမယ်လို့ နည်းဥပဒေမှာ ဖော်ပြထားတာပါ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ အပိုင်းလိုက်ကျင်းပသွားမယ့် အထွေထွေရွေး ကောက်ပွဲတွေကို မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲက ၂၆၇ မြို့နယ်မှာ ပြုလုပ်သွားဖို့ အသိပေးထားပြီး ရွေးကောက်ပွဲကျင်းပမယ့် ရက်တွေကိုတော့ မကြေညာရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.