နေပြည်တော်၊ ဩဂုတ် ၁၃
ရွေးကောက်ပွဲဆိုင်ရာကာလတွေအလိုက် လုံခြုံရေးကျိုးပေါက်မှု မရှိစေရေးအတွက် အထူးအ လေးထား လိုက်နာဆောင်ရွက်ကြဖို့ စစ်ကော်မရှင်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။
သြဂုတ် ၁၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေးမှာ ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က သတိပေးပြောဆိုခဲ့တာပါ။
ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာလုပ်ငန်းတာဝန်တွေကို အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားကြဖို့နဲ့ သက်ဆိုင်ရာဌာနတွေ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းတာပါ။
ဒါ့အပြင် ရွေးကောက်ပွဲကာလအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်းရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်တင် ဆောင် ရွက်သွားဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အခုနှစ်ကုန်ပိုင်းနဲ့ လာမယ့်နှစ်ဆန်းပိုင်းတွေမှာ အပိုင်းအလိုက် ကျင်းပသွားဖို့ ပြင်ဆင်နေပြီး ရွေးကောက်ပွဲ ဆန့်ကျင်သူတွေကို သေဒဏ်ချမှတ်မယ့် ဥပဒေကိုပါ အတည်ပြုပြဌာန်းထားပါတယ်။
စစ်ခေါင်းဆောင်ကလည်း ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို ကာကွယ်ပေးသွားမယ်လို့ သြဂုတ် ၁၂ ရက်နေ့က ပြုလုပ်တဲ့ စစ်ကော်မရှင် အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI