ရေဖြူ၊ သြဂုတ် ၁၄
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာမှာ မနေ့ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ ရာမညမွန်တပ်တော် RMA က ဒီကနေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
မနေ့ သြဂုတ် ၁၃ ရက်နေ့က ကော့လှိုင်ကျေးရွာအနီးကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့ မနက် ၁၁ နာရီခွဲအချိန်ခန့်မှာ တစ်ကြိမ်၊ ညနေ ၃ နာရီအချိန်မှာ တစ်ကြိမ်၊ နှစ်ဖက်တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က ၁၄ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဘက်ကလည်း ရဲဘော် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲကို ရာမညမွန်တပ်တော် (RMA) ၊ မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ (MSRF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇)၊ (KTLA) ကြယ်လင်းရောင်တပ်ရင်း၊ နည်းဗျူဟာ (၃၃) စစ်ဆင်ရေးတပ်ဖွဲ့၊ ဒေါနတပ်ရင်း (၂) (YGF)နဲ့ ဒေါနတပ်ရင်း (KBDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ သြဂုတ် ၁၄ ရက်နေ့ မနက်ပိုင်းအထိ ကော့လှိုင်းကျေးရွာအနီး ပတ်ဝန်းကျင်မှာ ဆက်ရှိနေတာကြောင့် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – RMA