မော်လမြိုင် ၊ ဩဂုတ် ၁၅

လုံခြုံရေးအကြောင်းပြချက်နဲ့ တံတားပိတ်ချိန် တိုးမြှင့်ထားတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့အဝင် တံတားပိတ်ချိန်တွေကို အချိန်ပြန်ပြောင်း သတ်မှတ်လိုက်တယ်လို့ ပြည်နယ်စစ်ကော်မရှင်နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

ပြည်နယ် စစ်ကော်မရှင်ဟာ မော်လမြိုင်မြို့အဝင် တံတားတွေဖြစ်တဲ့ သံလွင်တံတား (မော်လမြိုင်)၊ အတ္ထရံတံတား (မော်လမြိုင်)နဲ့ သံလွင်တံတား (ချောင်းဆုံ) တို့ကို ပြီးခဲ့တဲ့ဇူလိုင်လနဲ့ အခုလအတွင်း တံတားပိတ်ချိန် တိုးမြှင့်ခဲ့တာပါ။

သြဂုတ် ၁၄ ရက်နေ့ကစလို့ သံလွင်တံတား (မော်လမြိုင်)ကို မနက် (၅)နာရီမှ ည(၉)နာရီအထိ၊ သံလွင်တံတား (ချောင်းဆုံ)ကိုမနက်(၄)နာရီမှ ည(၁၀)နာရီအထိ ပြန်ပြောင်းသတ်မှတ်ခဲ့ပါတယ်။

ဒါပေမယ့် အတ္ထရံတံတား မော်လမြိုင်ကိုတော့ အရင်အတိုင်း မနက်၅နာရီမှ ညရှစ်နာရီအထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

မော်လမြိုင်မြို့အဝင် တံတားတွေရဲ့ ဖြတ်သန်းသွားလာချိန် ပြောင်းလဲသတ်မှတ်မှုဟာ ခရီးသွားပြည်သူတွေရဲ့ တောင်းဆိုမှုကြောင့် ပြည်နယ်စစ်ကော်မရှင်ဘက်က ပြောထားပါတယ်။

တံတားပိတ်ချိန် ဖြေလျော့ပေးလိုက်ပေမယ့် လုံခြုံရေးအင်အား ဆက်တိုးထားပြီး ပိတ်ဆို့စစ်ဆေးမှုတွေလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။

မော်လမြိုင်မြို့အဝင်တံတားတွေဖြစ်တဲ့ သံလွင်တံတား (မော်လမြိုင်)၊ အတ္ထရံတံတား (မော်လမြိုင်)တို့ဟာ ပြည်ထောင်စုလမ်းပိုင်းပေါ်မှာ တည်ရှိနေပြီး ကုန်သွယ်ရေးအရ အချက်အချာ ကျတဲ့ တံတားတွေ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.