မုဒုံ၊ သြဂုတ် ၁၅
မွန်ပြည်နယ် မုဒုံမြို့အဝင် ခုနှစ်ခွေတောင်အဆင်းလမ်းမှာ စစ်ကော်မရှင်တပ်ရဲ့ ပူးပေါင်းအဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့စစ်ဆေးမှုတွေ တိုးချဲ့လာတယ်လို့ ခရီးသွားပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သြဂုတ်ပထမအပတ်ကစလို့ စစ်ကော်မရှင်တပ်ရဲ့ ပူးပေါင်းအဖွဲ့တွေဟာ ခုနှစ်ခွေတောင်အဆင်းလမ်းတလျှောက်မှာ လုံခြုံရေးအပြည့်နဲ့ ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။
အဲဒီစစ်ဆေးရေးမှာ ခရီးသွားပြည်သူ တစ်ဦးတစ်ယောက်ချင်းဆီရဲ့ လက်ကိုင်ဖုန်းအပါအဝင် ပိုက်ဆံအိတ်ကအစ စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး မထင်ရင် မထင်သလို ဆဲဆိုခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ပူးပေါင်းအဖွဲ့တွေရဲ့ ပိတ်ဆို့စစ်ဆေးမှုကြောင့် လမ်းခရီးကြန့်ကြာမှုတွေ ရှိနေပြီး ခရီးသွားရာမှာ မလုံခြုံမှုတွေ ဖြစ်ပေါ်နေရတယ်လို့ ဆိုကြပါတယ်။
စစ်ဆေးခံရတဲ့ ခရီးသွားတစ်ဦးကတော့ အဲဒီစစ်ဆေးမှုတွေမှာ စစ်ကော်မရှင်ဘက်က ဖွဲ့စည်းထားတဲ့ အပြာရောင် ယူနီဖောင်းဝတ်ဆင်ထားတဲ့ ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်တွေက အဆိုးဆုံးဖြစ်တယ်လို့ ပြောပါတယ်။
ဒီစစ်ဆေးမှုဟာ ရွေးကောက်မတိုင်မီ တော်လှန်ရေးတပ်ဖွဲ့တွေ မုဒုံမြို့အတွင်း မဝင်ရောက်နိုင်အောင် လုံခြုံရေးအရ ကြိုတင်ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
အလားတူ စစ်ကော်မရှင်ဟာ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့အဝင်မှာလည်း လုံခြုံရေး အင်အားတွေ တိုးချဲ့ပြီး ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ