ဘီးလင်း၊ ဩဂုတ် ၁၅

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်း-တောင်စွန်းကျေးရွာချင်းဆက်လမ်းပိုင်း လူငယ်တွေ ဆက်တိုက်ဆိုသလို ပေါ်တာဆွဲခံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ရဲတပ်ဖွဲ့နဲ့ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေဟာ သြဂုတ်ဒုတိယအပတ်ကစလို့ ဘီးလင်း-တောင်စွန်းကျေးရွာ ချင်းဆက်လမ်းပိုင်းမှာ မထင်ရင်မထင်သလို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ ပေါ်တာဆွဲဖမ်းဆီးမှုတွေကို ညနေ အလုပ်ပြန်တဲ့အချိန်တွေမှာ အများဆုံး ဖမ်းဆီးနေတာ ဖြစ်ပြီး ရိုက်နှက်ဖမ်းဆီးမှုတွေကြောင့် လူငယ်တချို့ ဆေးရုံပို့ဆောင်ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ဘီးလင်းမြို့မရဲစခန်းထံ ဖမ်းဆီးသွားပြီး အဲဒီထဲက လူငယ်တချို့ဟာ ငွေကျပ် သိန်းဆယ်နဲ့ချီ ပေးဆောင်ပြီးမှ ပြန်လွတ်တာတွေ ရှိပေမယ့် အများစုက မိသားစုနဲ့ အဆက် အသွယ် ပြတ်တောက်သွားတယ်လို့ ဆိုပါတယ်။

ပေါ်တာဆွဲဖမ်းဆီးခံရသူအများစုဟာ စစ်မှုထမ်းတပ်သား စုဆောင်းခံလိုက်ရတာ ဖြစ်ပြီး စစ်ကော်မရှင်ရဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ အခုတစ်ပတ်အတွင်း စစ်မှုထမ်းတပ်သား စုဆောင်းခံရသူ လူငယ် ၃၀ ထက်မနည်း ရှိနေတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့် ဘီးလင်း – တောင်စွန်းလမ်းပိုင်းမှာ ညနေနဲ့ညပိုင်းတွေမှာ အပြင်ထွက် သွားလာသူ မရှိသလောက် နည်းပါးနေပြီး ပြည်သူလူထုအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်မှုထမ်းတပ်သား လိုအပ်ချက်ရှိနေတဲ့ စစ်ကော်မရှင်ဟာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တချို့မှာ လူငယ်တွေကို ဆင့်ခေါ်စာတွေ ပေးပို့တာ၊ တခါတည်း ဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်းတွေထံ ပို့ ဆောင်တာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.