ဘန်ကောက်၊ သြဂုတ် ၁၄
အိမ်နီးချင်း ကမ္ဘောဒီးယားနဲ့ သံတမန်ရေးရာ အချင်းများမှုကို ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာအား ထုတ်ပယ်ရေး တောင်းဆိုထားတဲ့ အမှုနဲ့ ပတ်သက်လို့ သြဂုတ်၂၉ ရက်မှာ ဆုံးဖြတ်သွားမယ်လို့ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက သြဂုတ် ၁၃ ရက်က ကြေညာပါတယ်။
ဆယ်စုနှစ်များစွာအတွင်း နှစ်နိုင်ငံကြား အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်ပွားစေခဲ့တဲ့ ကမ္ဘောဒီးယားနဲ့ နယ်စပ်ပြဿနာအတွင်း ပေသွန်ထန်ဟာ ပရော်ဖက်ရှင်နယ်မဆန်ဘဲ လုပ်ဆောင်ခဲ့ပြီး ဝန်ကြီးချုပ် တစ်ဦးရဲ့ ကျင့်ဝတ်တွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး ကွန်ဆာဗေးတစ် လွှတ်တော်အမတ် တချို့က စွဲချက်တင်ထားပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ သြဂုတ် ၂၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီမှာ ဆုံးဖြတ်ချက်ချသွားမှာ ဖြစ်တယ်လို့ ထိုင်း ဖွဲ့စည်းပုံတရားရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အရှုပ်အထွေးတွေ အများကြီးရှိတဲ့ ဘီလျံနာ သူဌေးကြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီးဖြစ်သူ ပေသွန်ထန်ဟာ လွန်ခဲ့တဲ့ တစ်နှစ် မပြည့်ခင်က ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ကို နိုင်ငံတော်တရားရုံးက ထုတ်ပယ်လိုက်ပြီးနောက်မှာ အာဏာရလာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ရာထူးတာဝန် ဆိုင်းငံ့ခံရပြီးနောက် ဝန်ကြီးချုပ် ပေသွန်ထန်က သူ့လုပ်ရပ်တွေကို ကာကွယ်ပြောဆိုပြီး နိုင်ငံ့အကျိုးစီးပွားတွေအတွက် အဲဒီလို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒါပေမဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းခေါ်ဆိုမှု ပေါက်ကြားလာပြီး ပေသွန်ထန်က ဟွန်ဆန်ကို ဦးလေးလို့ ခေါ်ဝေါ်ခဲ့သလို ထိုင်းစစ်ဦးစီးချုပ်ဟာ သူ့ရဲ့ ပြိုင်ဖက် ဖြစ်တယ်လို့ ပြောဆိုခဲ့တာကြောင့် ထိုင်းနိုင်ငံသား အများကို ဒေါသထွက်စေခဲ့ပါတယ်။
ရှေးရိုးဆန်တဲ့ လွှတ်တော် အမတ်တွေက ပေသွန်ထန်ဟာ စစ်တပ်ကို အားလျော့စေပြီး ကမ္ဘောဒီးယား ခေါင်းဆောင်ကို အောက်ကျို့ဆက်ဆံပြီးတော့ ကျင့်ဝတ်ဖောက်ဖျက်တယ်လို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။
Ref:AFP