မနီလာ၊ သြဂုတ် ၁၃

ဖိလစ်ပိုင် အလုပ်သမား တော်တော်များများရှိတဲ့ ထိုင်ဝမ်နဲ့ မိမိတို့ နိုင်ငံရဲ့ တည်နေရာ နီးစပ်မှုကြောင့် ထိုင်ဝမ်နဲ့ ပတ်သက်လို့ စစ်ပွဲဖြစ်လာရင် မိမိတို့နိုင်ငံလည်း ဝင်ပါရမှာ သေချာနေတယ်လို့ ဖိလစ်ပိုင်သမ္မတ မားကို့စ် ဂျူနီယာက ပြောလိုက်ပါတယ်။

အဲဒီလို ပြောဆိုမှုတွေကို တရုတ်က အကြိမ်ကြိမ် ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပေမယ့် သူ့ရဲ့ ပြောဆိုမှုကြောင့် နှစ်နိုင်ငံကြား တင်းမာမှု ဆက်လက် မြင့်တက်လာဖွယ် ရှိနေပါတယ်။

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေတဲ့ ရေပြင်နယ်နိမိတ်အတွင်း မိမိတို့ အကျိုးစီးပွားတွေကို ကာကွယ်နေတဲ့ ကမ်းခြေစောင့်တပ်နဲ့ ရေတပ်တို့ လုံးဝ နောက်ဆုတ်မှာ မဟုတ်ဘူးလို့ သမ္မတ မားကို့စ်က သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၁ရက်မှာ တရုတ် ကမ်းခြေစောင့်တပ်က အငြင်းပွားနေတဲ့ ကွန်းစုအနီးမှာ အားပြင်းတဲ့ မီးသတ်ပိုက်တွေ သုံးပြီး ဖိလစ်ပိုင် သင်္ဘောတွေကို တားဆီးဖို့ ကြိုးပမ်းခဲ့ပြီးနောက် သူက အခုလိုမျိုး ပြောကြားလာတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နဲ့ တရုတ်ကြား သူပိုင်ငါပိုင် ပြောဆိုနေတဲ့ ရေပြင်မှာ ဖိလစ်ပိုင်တပ်တွေ အနေနဲ့ ကြံ့ကြံ့ခံ ရပ်တည်သွားမှာ ဖြစ်ကြောင်း သမ္မတ မားကို့စ်က ဆိုတာပါ။

အဲဒီအငြင်းပွားနေတဲ့ ရေပြင်မှာ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ထိုင်ဝမ်တို့ကလည်း သူတို့ ပိုင်ဆိုင်ကြောင်း ပြောဆိုထားပါတယ်။

၂၀၂၂ နှစ်လယ်ပိုင်းမှာ သမ္မတ မားကို့စ် ရာထူးရယူပြီးနောက် တရုတ်နဲ့ ဖိလစ်ပိုင်ကြား ဆက်ဆံရေး တော်တော်လေး အဆင်မပြေဖြစ်လာခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ရန်လိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ မားကို့စ် အစိုးရဟာ ဆန့်ကျင် ပြောဆိုတဲ့ အင်အားစု တစ်ခု အနေနဲ့ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်အစိုးရက အမေရိကန်အပြင် ဂျပန်၊ သြစတေးလျ၊ အိန္ဒိယ၊ ဥရောပ နိုင်ငံ တချို့နဲ့ မဟာမိတ်ဖွဲ့မှုတွေ တိုးမြှင့်ပြုလုပ်နေပါတယ်။

ထိုင်ဝမ်နဲ့ပတ်သက်လို့ စစ်ပွဲ ဖြစ်လာရင် ဖိလစ်ပိုင်အနေနဲ့ ဝင်မပါလို့ မရဘူးလို့ မားကို့စ်က အိန္ဒိယ ခရီးစဉ်အတွင်း ပြောကြားပြီး တရုတ် တစ်ပြည်ထောင်တည်းဆိုတဲ့ မူဝါဒကို စိန်ခေါ်ခဲ့တာကြောင့် တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.