တမုတ်ချုံး၊ ဩဂုတ် ၁၃

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တမုတ်ချုံးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင် တပ်ဖွဲ့ဝင် လေးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းထံက သိရပါတယ်။

တပ်အင်အား ၇၀ ဝန်းကျင်နဲ့ တမုတ်ချုံးကျေးရွာမှာ ခြေကုပ်ယူပြီး တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ဩဂုတ် ၁၀ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား မနက် ၉ နာရီအချိန်ခန့်ကစပြီး ညနေ ၄ နာရီအထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က တပ်ဖွဲ့ဝင် လေးဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ပြည်သူ့ကာကွယ်ရေပူးပေါင်းတပ်တွေဘက်က ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၂ တပ်ရင်း ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကစပြီး လယ်တောင်ယာနဲ့ တမုတ်ချုံကျေးရွာအနီးမှာ ခြေကုပ်ယူထားတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ နေ့တိုင်းနီးပါး ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၆ လသားအရွယ် ကလေးငယ်တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ဒါ‌ကြောင့် မိဘပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိစွာ သွားလာနေထိုင်ပေးကြဖို့နဲ့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားတဲ့ သတိပေးချက်တွေကို လိုက်နာကြဖို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာတိုက်ပွဲမှာ စစ်ကူနဲ့ ရိက္ခာလာပို့တဲ့ စစ်ကော်မရှင်တပ် ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးတာ တွေရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-မြိတ်ခရိုင်အမှတ် ၂ တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.