လောင်းလုံး၊ ဩဂုတ် ၉
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကော်မရှင်တပ်စခန်းက ဒုပျူစောထီးခေါင်းဆောင်တစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးပူးပေါင်းတပ်စွဲထားတဲ့ ကျောက်နီမော်စခန်းက အသက် ၃၀ ကျော်အရွယ် ပျူစောထီးဒုခေါင်းဆောင် ကိုလားဟာ ဩဂုတ် ၈ ရက်နေ့မှာ လက်နက်ခဲယမ်းအတူ အ လင်းဝင်လာခဲ့တာပါ။
ပျူစောထီး ဒုခေါင်းဆောင်ကိုလားရဲ့ ပြောပြချက်အရ အလင်းဝင်လာတဲ့အချိန် ကျောက်နီမော်စခန်းမှာရှိနေတဲ့ ကားတွေရဲ့ ဘီးတွေကို ဖြုတ်ပစ်ခဲ့သလို လှေအတွင်းက ဓာတ်ဆီကိုလည်း ထုတ်ယူခဲ့တယ်လို့ ဆိုပါတယ်။
ကိုလားဟာ အလင်းဝင်လာတဲ့အချိန် ဆိုင်ကယ်တစ်စီး၊ သေနတ်တစ်လက်၊ လက်ပစ်ဗုံးသုံးလုံး၊ အီနာဂါတစ်လုံး၊ကျည်တောင့် ၂၀၀ နဲ့ ကျည်ဘောက်ခု ယူဆောင်လာခဲ့တာကြောင့် ဆုကြေးငွေ သိန်း ၃၀ ကျပ် ဆုမြင့်ထားတယ်လို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ ပျူစောထီး ဒုခေါင်းဆောင်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကော်မရှင်တပ်ကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ လောင်းလုံးမြို့နယ် ပကဖတပ်ဖွဲ့ထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း လောင်းလုံးမြို့နယ် အခြေစိုက် ခလရ ၂၅ တပ်ရင်းက စစ်မှုထမ်း သင်တန်းဆင်း တပ်သား ၅ ဦး လက်နက်ခဲယမ်းနဲ့အတူ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – LLPDF