နေပြည်တော် ၊ ဩဂုတ် ၇
တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတချို့ကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် စစ်ရေးအသာစီးရနေချိန်မှာ စိတ်ဓာတ်စစ်ဆင်ရေးအဖြစ် အချိန် ကိုက်လုပ်လာပါတယ်။
မိုးဗြဲမြို့အပါအဝင် နောင်ချိုမြို့နဲ့ သပိတ်ကျင်းမြို့တို့ကို တော်လှန်ရေးအင်အားစုတွေ လက်လွှတ်ခဲ့ရပြီးချိန်မှာ PDF တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေကို စစ်တပ်နဲ့ လက်တွဲဖို့ ဖုန်းမက့်ဆေ့တွေကနေတဆင့် SAC NEWS က စာတိုပေးပို့ခဲ့တာပါ။
စာတိုထဲမှာတော့ နိုင်ငံအကျိုးလက်တွဲဖော်ဆောင်ဖို့ PDF တွေအပါအဝင် လက်နက်ကိုင်အုပ်စုတွေကို နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ကနေ ဖိတ်ခေါ်မှုဆိုပြီး ပြန်ကြားရေးဝန်ကြီးဌာန MOI ရဲ့ ဝက်ဆိုဒ်လင့်နဲ့အတူ တွဲပို့ခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ စစ်တပ်ဘက်က စစ်ရေးအရ အသာစီးရလာတဲ့အခါ အချိန်ကိုက် လုပ်လာတဲ့ စိတ်ဓာတ်စစ်ဆင်ရေးဖြစ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က အတော်လေး သတိထားရမယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
“စစ်တို့ရဲ့ သဘောသဘာဝအမည်ကလည်း ကိုယ့်ဘက်က အရေးနိမ့်တဲ့အချိန်မှာ စိတ်ဓာတ်ရေးရာအရ နိမ့်ပါးမှုရှိကြတယ်။ အချိန်ကာလလည်း ကြာလာပြီဆိုတော့ အိမ်လွမ်းတဲ့ဝေဒနာပေါ့၊ အိမ်လွမ်းသူတွေ ဖြစ်လာကြတယ်။ ဒီအခြေအနေတွေကို တပြိုင်နက် အချိန်ကိုက်အသုံးချပြီး ဒီဘက်က PDF ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို လှည့်စားပြီးတော့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်လာတဲ့ အနေအ ထားမျိုးလို့ပဲ ပထမပြောရမှာဖြစ်ပါတယ်။ အဓိကကတော့ အချိန်ကိုက် လုပ်လိုက်တာပဲ”လို့ ဆိုပါတယ်။
စစ်ကောင်စီက ပြည်တွင်းရှိ ဆက်သွယ်ရေးအော်ပရေတာတွေရဲ့ ဖုန်းမက်ဆေ့ပ်ကနေ SAC NEWS အဖြစ် ဇူလိုင် ၃၀ ရက်နေ့က စတင်ပေးပို့ခဲ့ပြီး တွဲပါလာတဲ့ ဝက်ဆိုဒ်လင့်ကို နှိပ်လိုက်ရင် ပြည် ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်ကို မြင်ရမှာပါ။
အဲဒီဖိတ်ခေါ်ချက်ဟာ PDF တွေအပါအဝင် လက်နက်ကိုင်အုပ်စုတွေကို ရွေးကောက်ပွဲလမ်း ကြောင်းမှာ ပူးပေါင်းပါဝင်ဖို့ ကမ်းလှမ်းထားသလို CRPH နဲ့ NUG တို့ကို စွပ်စွဲပြီး တော်လှန်ရေးအင်အားစုတွေကြား သွေးခွဲထားတာ ဖြစ်ပါတယ်။
PDF တွေအပါအဝင် လက်နက်ကိုင်အုပ်စုတွေနဲ့ စစ်ကောင်စီရဲ့ အစိုးရ နဲ့ တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူနဲ့ တရားဝင်ရပ်တည်နေတဲ့ နိုင်ငံရေးပါတီတွေရဲ့ မျှော်မှန်းချက်ဟာ တူညီတယ်လို့ ဆိုပါတယ်။
ဒါဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးလို့ ညွှန်းဆိုထားပြီး ဒီအပေါ် လျှောက်လှမ်းဖို့ တံခါးဝကြီးမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ ဝါဒဖြန့်ထားတာပါ။
ဒါကြောင့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကို မျှော်မှန်းကာ ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်ပြီး နိုင်ငံအကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်မယ်ဆိုရင် နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က ကြိုဆိုလက်ခံမယ်လို့ အသိပေးထားတာ ဖြစ်ပါတယ်။
တောင်ပိုင်းစစ်ဒေသက ဒေါင်းမင်းစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကိုမင်းသွေးသစ်က တော်လှန် ရေးထဲမှာ ရှိနေတဲ့ အခက်အခဲ အတားအဆီးတွေဟာ တပ်ဖွဲ့ဝင်တွေရဲ့ ခံစားချက်ကို ခံယူချက်အဖြစ် ခေါင်းဆောင်တွေက မပြောင်းပေးနိုင်ဘူးဆိုရင် စိတ်ဓာတ်မခိုင်မာသူတွေက စစ်တပ်နဲ့ ပူးပေါင်းတာမျိုး ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
“စိတ်ဓာတ်မခိုင်မာတဲ့ တစ်ယောက်ချင်းစီက အလင်းဝင်တာမျိုး ပူးပေါင်းတာမျိုး ဖြစ်လာနိုင်တယ်။ အဓိကတော့ တော်လှန်ရေးကို တော်တော်များများက ခံစားချက်နဲ့ ပါလာကြတာဖြစ်တယ်။ ခံစားချက်ကို ခံယူချက်အဖြစ် ခေါင်းဆောင်တွေက မပြောင်းနိုင်ဘူးဆိုလို့ရှိရင် တော်လှန်ရေးထဲမှာရှိနေတဲ့ စိတ်ဆင်းရဲစရာတွေ နောက် အခက်အခဲ အတားအဆီးတွေက သူတို့ရဲ့ စိတ်ဓာတ်ကို ပျက်ပြီး ခံစားချက်ပျောက်သွားတဲ့အချိန်မှာ တော်လှန်ရေးအဝန်းအဝိုင်းထဲမှာ မရှိတော့ဘဲနဲ့ ထွက်သွားကြတာမျိုး ရှိတယ်။ ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝဖြစ်တယ်၊ ရန်သူဘက်ကလည်း သွေးခွဲပြီး စည်းရုံးမှာပဲ” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ PDF တွေအပါအဝင် လက်နက်ကိုင်အုပ်စုတွေအနေနဲ့ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နဲ့ လက်တွဲဖို့ ဆန္ဒရှိရင် နီးစပ်ရာတပ်စခန်းတွေ ဒေသအာဏာပိုင်တွေထံ ဆက်သွယ်ညိနှိုင်းနိုင်တယ်လို့ ဖိတ်ခေါ်ချက်မှာ ဖော်ပြထားတာပါ။
ဒါဟာ စစ်ကောင်စီရဲ့ သက်တမ်း မကုန်ခင်ကတည်းက ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့မှာ ထုတ်တဲ့ နိုင်ငံပိုင် ဝါဒဖြန့်သတင်းစာတွေမှာ ထည့်သွင်းထားရာကနေ ဖုန်းမက်ဆေ့တွေကတဆင့် SAC NEWS အဖြစ် ထပ်မံပေးပို့လာတာ ဖြစ်ပါတယ်။
တစ်ဘက်မှာ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို နားလည်သဘောပေါက်လာကြတဲ့ TNLA အပါအဝင် DPLA နဲ့ မန္တလေး PDF က အဖွဲ့ဝင် စုစုပေါင်း ၁၁၈ ဦးဟာ ဇူလိုင် ၁၇ ရက်ကနေ ၂၉ ရက်အထိ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတယ်လို့ ဝါဒဖြန့်ထားတာပါ။
ဒီအပေါ် သက်ဆိုင်ရာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက စစ်တပ်နဲ့ ပူးပေါင်းပြီး လက်နက်ချ အလင်းဝင်သူတွေဟာ သူတို့တပ်ဖွဲ့ဝင်တွေ မဟုတ်ကြောင်း တုံ့ပြန်ထားကြပါတယ်။
စစ်ရေးအကဲခတ်တွေကတော့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင် အများစုဟာ လူငယ်လူရွယ်တွေဖြစ်သလို လောကဓံတရားအရ မမျှော်လင့်ဘဲ နယ်မြေတချို့ ဆုံးရှုံးခဲ့ရချိန်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ တိုက်ခိုက်လာတာလို့ ထောက်ပြပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်ကတော့ အနိုင်အရှုံးမပြတ်သားသေးတဲ့အချိန်မှာ တော်လှန်ရေးအင်အားစုတွေဘက်က ရှေ့ဆက်မယ့် မူဝါဒတွေအပါအဝင် စိတ်ဓာတ်စစ်ဆင်ရေးနဲ့ စိတ်ဓာတ်ကြံ့ခိုင်ရေးတွေ ပြန်လုပ်ဖို့ လိုအပ်တယ်လို့ အကြံပြုပါတယ်။
“အခု စစ်ကောင်စီကလည်း သူ့ဘက်က စစ်ရေးအရ အခြေအနေမဟန်လို့ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ပါ ဖိဖိစီးစီး တိုက်လာတာ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ဝင်တွေမှာ ယုံကြည်ချက် ခံယူချက် စိတ်ဓာတ်တွေ ပြီးရင် စစ်ကောင်စီဘက်က ပျက်ယွင်းနေတဲ့ အခြေအနေတွေ ကျွန်တော်တို့ဘက်က ရှေ့ဆက်သွားမယ့် မူဝါဒတွေနဲ့ အနေအထားတွေကို သေသေချာချာ ပြန်ပြီးတော့ စိတ် ဓာတ်စစ်ဆင်ရေး စိတ်ဓာတ်ကြံ့ခိုင်ရေးတွေကို ပြန်လုပ်ပေးဖို့ လိုအပ်တယ်လို့ပဲ အကြံပြုချင်ပါတယ် ခင်ဗျ”လို့ ဆိုပါတယ်။
လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေအပါအဝင် စစ်ရေး တင်းမာနေတဲ့ နယ်မြေတချို့နဲ့ အပြည့်အဝ မထိန်းချုပ်နိုင်သေးတဲ့ နယ်မြေတွေမှာ စစ်တပ်က တန်ပြန်ထိုး စစ်နဲ့အတူ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဖို့ ပြင်ဆင်နေပါပြီ။
ရည်ရွယ်ချက်ကတော့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ချုပ်ငြိမ်းရေးနဲ့ နယ်မြေဒေသတည်ငြိမ်ရေး တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာလုပ်ဆောင်နိုင်ဖို့ အကြောင်းပြထားပြီး ရက်ပေါင်း ၉၀ အထိ သတ်မှတ်ထားတာပါ။
ဒီအတွက် စစ်ကောင်စီကနေ အာဏာသုံးရပ် လွှဲအပ်ခံထားရတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံ ရေးကောင်စီက တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုရှိ မြို့နယ် ၆၃ ခုကို အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီး စစ်အုပ်ချုပ်ရေးအမိန့်ကျင့်သုံးဖို့ ဩဂုတ်လဆန်းမှာ စစ်တပ်ကို အပ်နှင်းထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI