နေပြည်တော် ၊ ဩဂုတ် ၁
ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ VPN အပါအဝင် အီလက်ထရောနစ်နည်းပညာ အသုံးပြုသူတွေကို ထောင်ဒဏ်နဲ့ငွေဒဏ် ချမှတ်နိုင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ဇူလိုင် ၃၀ ရက်နေ့မှာ စတင်အသက်သွင်းလိုက်တယ်လို့ စစ်အုပ်စုက ကြေညာပါတယ်။
အဲဒီဆိုက်ဘာလုံခြုံရေးဥပဒေကို စစ်အုပ်စုက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့က အတည်ပြု ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ဥပဒေရဲ့ ပုဒ်မ ၂ အရ ဆိုက်ဘာလုံခြုံရေးဥပဒေကို ဇူလိုင် ၃၀ ရက်နေ့မှာ အာဏာတည်တဲ့နေ့အဖြစ် သတ်မှတ်လိုက်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဥပဒေအရ ဝန်ကြီးဌာန ခွင့်ပြုချက်ရယူခြင်းမရှိဘဲ VPN ထူထောင်တာ၊ ဆိုက်ဘာအလွဲသုံးစားလုပ်တာ၊ အွန်လိုင်းငွေကြေး ခိုးယူတာအပြင် အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်တာတွေ ပြု လုပ်ပါက ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်မယ်လို့ ပါရှိပါတယ်။
ဥပဒေအရ ဆိုက်ဘာနဲ့ ပတ်သက်ပြီး ပြစ်မှုတစ်ခုခု ကျူးလွန်ပါက အနည်းဆုံး ထောင်ဒဏ် ၁ လကနေ အများဆုံး ထောင်ဒဏ် ၇နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်အနေနဲ့ အနည်းဆုံး ကျပ် ၁၀ သိန်းမှ အများဆုံး ကျပ်သိန်း ၁၀၀၀ အောက် မလျော့သော ငွေဒဏ်ချမှတ်နိုင်တဲ့အပြင် ဒဏ်နှစ်ရပ်လုံးလည်း ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
ဝါရင့် တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကတော့ ဆိုက်ဘာ ဥပဒေအရ ဖုန်း၊ ကွန်ပျူတာသုံးစွဲသူအပြင် တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပြောဆိုသူတွေကိုတောင် အရေးယူနိုင်တာကြောင့် ပြည်သူတွေကို မလွတ်လပ်အောင် လုပ်ဆောင်တာ ဖြစ်တဲ့ အတွက် အစစ အရာရာ မလုံခြုံတော့ဘူးလို့ ပြောပါတယ်။
“ဆိုက်ဘာဥပဒေက အလွန် ပြင်းထန်တယ်။ အသေးစိတ်ထားတာ ကျွန်တော်တို့ ဘာမှပြောတာဆိုတာတွေ မလွတ်လပ်တော့ဘူး။ ဝက်အူထပ်ရစ် လိုက်တာပေါ့ဗျာနော်။ ဆိုက်ဘာဥပဒေနဲ့ အရေးယူမယ်ဆိုရင် ဘယ်သူမှ မလွတ်တော့ဘူး။ တယ်လီဖုန်း သုံးစွဲတဲ့သူတွေ ကွန်ပျူတာ သုံးတဲ့သူတို့ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်တဲ့သူတို့ ပြစ်ဒဏ်ကလည်း အရမ်းပြင်းတယ်။ ဆိုက်ဘာဥပဒေက ကျွန်တော်တို့ အစစအရာရာ မလုံခြုံတော့ဘူးလို့ အဲဒီလိုကျွန်တော်က မှတ်ချက်ပေးချင်ပါတယ်ဗျာ”လို့ ဆိုပါတယ်။
ဒါ့အပြင် ဆိုက်ဘာဥပဒေအရ ဖုန်း၊ ကွန်ပျူတာအပါအဝင် အီလက်ထရောနစ် နည်းပညာ အသုံးပြုသူတွေကို အသေးစိတ်က အစ ရည်ရွယ်တာကြောင့် ပြည်သူအားလုံးအတွက် ထိခိုက်နိုင်ပြီး လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်တယ်လို့ သူက ဝေဖန်ပါတယ်။
စစ်အုပ်စုကတော့ ဆိုက်ဘာ ဥပဒေ ပြဋ္ဌာန်းရတာဟာ အရေးကြီး အချက်အလက်တွေ၊ သတင်း အချက်အလက်တွေကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ဖို့၊ ဆိုက်ဘာ အလွဲအသုံးပြုပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာနဲ့ တည်ငြိမ်အေးချမ်းမှုကို ကာကွယ်ဖို့အပြင် ဆိုက်ဘာမှုခင်းတွေကို ထိရောက်စွာ ဖော်ထုတ်အရေးယူနိုင်ဖို့လို့ ဆိုထားပါတယ်။
လူ့အခွင့်အရေး လေ့လာသုံးသပ်သူတွေကတော့ ဆိုက်ဘာဥပဒေဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို ပိတ်ပင်ဖို့အတွက် ရည်ရွယ်တာ ဖြစ်ပြီး အမှန်တရားကို မချပြနိုင်အောင် ပြည်သူတွေကို ဥပဒေနဲ့ ခြိမ်းခြောက် ဖိအားပေးတဲ့ ပုံစံသာ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media