ဒါကာ၊ ဇူလိုင် ၂၈
ထရန့်အစိုးရ ပြဌာန်းထားတဲ့ ကြီးလေးတဲ့ အခွန်လျှော့ပေါ့စေရေးနဲ့ကုန်သွယ်ရေး တင်းမာမှုများ ပြေလည်စေရေး ဘင်္ဂလားဒေ့ချ်က ဘိုရင်း ကုမ္ပဏီထုတ် လေယာဉ် ၂၅ စင်း မှာယူထားပြီး အမေရိကန် ကုန်ပစ္စည်းတွေ တင်သွင်းမှု အရှိန်မြှင့်တင်ထားတယ်လို့ အကြီးတန်းအရာရှိ တစ်ယောက်က ဇူလိုင် ၂၇ရက်က ပြောလိုက်ပါတယ်။
ဘင်္ဂလားဒေ့ချ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေး ကွာဟမှု ဒေါ်လာ ၆ ဘီလီယံကို လျှော့ကျစေဖို့ နီးကပ်လာနေတဲ့ အခွန် ၃၆ ရာခိုင်နှုန်းချမှတ်မှု ရှောင်ရှားရေး ပိုကျယ်ပြန့်တဲ့ ဗျူဟာ တစ်စိတ်တစ်ပိုင်းအဖြစ် ဘင်္ဂလားဒေ့ချ်က အခုလို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ အခွန်တိုးကောက်မယ်ဆိုတဲ့ အသိပေးထားမှုကြောင့် ဘင်္ဂလားဒေ့ချ်ရဲ့ ပို့ကုန်ကဏ္ဍ၊ အထူးသဖြင့် အထည်ချုပ်လုပ်ငန်း နယ်ပယ် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပြီး အကြီးမားဆုံး စျေးကွက်တွေထဲက တစ်ခုမှာ အပြိုင်အဆိုင်ရှိမှု ဆုံးရှုံးရနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။
မိမိတို့အနေနဲ့ လေယာဉ်အသစ်တွေ အရေးတကြီး လိုအပ်နေပြီး လာမယ့် တစ်နှစ်နှစ်နှစ်အတွင်း ဝယ်ယူဖို့ ဖြစ်နိုင်တယ်လို့ စီးပွားရေး ဝန်ကြီး ရာမန်က သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်အခြေစိုက် ဘိုးရင်းကုမ္ပဏီဆီကနေ ကနဦး လေယာဉ် ၁၄ စင်း မှာယူထားခဲ့ပေမယ့် အခုတော့ မှာယူထားတာ ၂၅ စင်း အထိ ရှိလာပြီလို့ သူက ပြောပါတယ်။
လေယာဉ် ဝယ်ယူရေး သဘောတူညီမှုအပြင် ဘင်္ဂလားဒေ့ချ်က အမေရိကန်ဆီက ဂျုံ၊ ပဲပိစပ်ဆီနဲ့ ဝါဂွမ်း တင်သွင်းမှု တိုးမြှင့်ထားပါတယ်။
အခုလ စောစောပိုင်းက လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီမှုအရ ဘင်္ဂလားဒေ့ချ်ဟာ အမေရိကန်ဆီကနေ လာမယ့် ၅ နှစ်အတွင်း နှစ်စဉ် ဂျုံတန်ချိန် ၇ သိန်း တင်သွင်းသွားမှာ ဖြစ်ပါတယ်။
ဒီလုပ်ရပ်တွေကြောင့် အမေရိကန်နဲ့ ကုန်သွယ်ရေး တင်းမာမှု လျှော့ကျစေနိုင်ကြောင်းနဲ့ ထရန့် ကြေညာထားတဲ့ အခွန်တွေရဲ့ ရိုက်ခတ်မှု သက်သာစေလိမ့်မယ်လို့ ဘင်္ဂလားဒေ့ချ် အရာရှိတွေက ပြောဆိုထားပါတယ်။
Ref:Reuters