မော်လမြိုင် ၊ ဇူလိုင် ၂၇

မွန်ပြည်နယ်မှာ ဝီဖာမုန်တိုင်းအရှိန်ကြောင့် လေဆင်နှာမောင်းနဲ့ လေပြင်းတိုက်ခတ်မှုကြောင့် ပျက် စီးဆုံးရှုံးမှု များပြားခဲ့တဲ့ လေဘေးသင့် ပြည်သူအများစု စစ်ကောင်စီထံကနေ အကူအညီ မရသေးဘူးလို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကစတင်ပြီး မွန်ပြည်နယ်က ကျိုက်ထို၊ သထုံ၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ လေဆင်နှာမောင်းနဲ့ လေပြင်းတိုက်ခတ်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သလို နေအိမ် ၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တာပါ။

လေဘေးသင့် ပြည်သူအများစုဟာ စစ်ကောင်စီရဲ့ အကူအညီ မရတာကြောင့် နီးစပ်ရာ ဘုန်းကြီး ကျောင်းတွေ၊ ဓမ္မာရုံတွေနဲ့ ဆွေးမျိုးနီးစပ် နေအိမ်တွေမှာ နေထိုင်နေရသလို ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည်ပြင်ဆင်ဖို့ အခက်အခဲရှိနေကြပါတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ လေဘေးသင့် ပြည်သူတွေကို စစ်ကောင်စီဘက်က ကူညီတာ မတွေ့ရသေးကြောင်းနဲ့ လက်ရှိမှာ နေစရာအပြင် စားနပ်ရိက္ခာတွေပါ အကူအ ညီ လိုအပ်နေတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ ရှိတဲ့ချိန်မှာ ကြက်ခြေနီအဖွဲ့ကပဲ ပို့တာ ရှိတယ်။ အစိုးရကတော့ မတွေ့ရဘူး။ လော လောဆယ် အိမ်တွေက စုတ်ပြတ်သပ်သွားတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတို့ ဘာတို့မှာ နေနေရတဲ့ အနေအထားရှိတယ်။ တချို့ အိမ်တွေ ဆိုလို့ရှိရင်လည်း ပြန်မဆောက်နိုင်သေးဘူး။ တချို့ အိမ်တွေဆိုလို့ရှိရင်လည်း သွပ်တွေ လန်သွားတာတွေ ရှိတယ်။ အများကြီးပေါ့ အဓိကလိုအပ်တာတော့ နေစရာအပြင် စားစရာကပိုပြီး လိုအပ်တာပေါ့”လို့ ဆိုပါတယ်။

လတ်တလော လေဘေးသင့် ဒေသတွေမှာ သောက်သုံးရေတွေ လိုအပ်တာ၊ ထိခိုက်ရှနာမှု ရှိခဲ့တဲ့ ဒေသခံတွေအတွက် ဆေးဝါး လိုအပ်တာ၊ မိုးဆက်လက်ရွာသွန်းနေတဲ့အတွက် အမိုးအကာတွေ လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေရဲ့ ဖော်ပြချက်အရ မွန်ပြည်နယ် စစ်ကောင်စီအဖွဲ့ဟာ ဇူလိုင် ၂၆ ရက်နေ့မှာ ပေါင်မြို့နယ်က လေဘေးသင့်ပြည်သူတွေကို သွားရောက်ကူညီခဲ့တယ်လို့ ဖော်ပြပါတယ်။

အဲဒီလိုကူညီရာမှာ နေအိမ် ပြိုကျပျက်စီးသွားတဲ့ အိမ်တစ်လုံးလျှင် ကျပ် နှစ်သိန်း၊ အမိုးလန်တဲ့ နေအိမ်တွေက ကျပ်တစ်သိန်း၊ ထိခိုက်ဒဏ်ရာရရင် ကျပ် ငါးသောင်းနဲ့ လေဘေးသင့်ပြည်သူ တစ်ဦးလျှင် ဆန်ရိက္ခာအတွက် ကျပ် ၅၀၀၀ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

လေဘေးသင့်ပြည်သူတွေကတော့ စစ်ကောင်စီဘက်က ကူညီတာတွေ လုပ်ဆောင်နေတယ်လို့ ပြောဆိုနေပေမယ့် လက်ရှိအချိန်အထိ အကူအညီ မရှိသေးကြောင်းနဲ့ စစ်ကောင်စီရဲ့ ကူညီမယ်ဆိုတဲ့ ငွေပမဏကလည်း ပြန်လည်ထူထောင်ရေး လုပ်ဖို့ မလုံလောက်ဘူးလို့ ဝေဖန်ပါတယ်။

လေဆင်နှာမောင်းနဲ့ လေပြင်းတိုက်ခတ်မှုကြောင့် မွန်ပြည်နယ်အတွင်းက မြို့နယ် ၆ ခုထက်မနည်း ဓာတ်တိုင်တွေ လဲကျတဲ့ အတွက် လျှပ်စစ်မီး ပြတ်တောက်မှုတွေ ရှိခဲ့သလို သစ်ပင်ကြီးတွေ ပြိုကျတဲ့အတွက်လည်း လမ်းပိုင်းတချို့ ယာယီ ပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Ashin Sanda Zawti

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.