မြဝတီ၊ ဇူလိုင် ၂၅

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ သောင်ရင်းမြစ်ရေကြီးမှုကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းဆီ အရေးပေါ်ပြောင်းရွှေ့ထားရတယ်လို့ မြို့ခံတွေအပါအဝင် လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။

ဝီဖာမုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေတွေစီးဆင်းလာတဲ့အတွက် ကရင် ပြည်နယ် မြဝတီမြို့မှာ သောင်ရင်းမြစ်ရေကြီးလာတဲ့အတွက် မြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်ကြတဲ့ အမှတ်၁ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက် ၊ အမှတ် ၃ ရပ်ကွက်၊ အမှတ် ၅ ရပ်ကွက်တွေမှာ ရေကြီးရေလျှံ မှုဖြစ်ပေါ်ခဲ့တာပါ။

သောင်ရင်းမြစ်ရေကြီးမှုကြောင့် ရေဘေးကြုံနေရတဲ့ ဒေသခံပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေး သမားတွေက ရေဘေးလွတ်ရာကို ရွှေ့ပြောင်းကယ်ဆယ်ပို့ဆောင်ပေးနေပြီး လတ်တလောမှာ ယာယီ ရေဘေးကယ်ဆယ်ရေးစခန်း ၈ ခုမှာ ရောက်ရှိခိုလှုံနေကြတဲ့ ရေဘေးသင့်ပြည်သူ ၃၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

မိုးလေဝသဌာနရဲ့ ထုတ်ပြန်ထားချက်အရ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး နောက်၁ ရက်အတွင်း ၂ ပေခန့် မြင့်တက်လာနိုင်တဲ့အတွက် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာနေရာတွေဆီ ရှောင်ရှားနိုင်ဖို့ ဇူလိုင် ၂၄ ရက်နေ့က သတိပေးထုတ်ပြန်ထားပါတယ်။

မြဝတီမြို့အပြင် ကရင်ပြည်နယ်က လှိုင်းဘွဲမြို့ ကော့ကရိတ်မြို့ ကျိုက်ဒုံမြို့တွေက မြေနိမ့်ပိုင်းရပ် ကွက်တချို့မှာ ချောင်းရေတက်လာတဲ့အတွက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဒါ့အပြင် ဘားအံမြို့မှာလည်း သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိလာနေပြီး နောက် ၁ ရက်အတွင်း ၂ ပေခန့် မြင့်တက်လာနိုင်တဲ့အတွက် ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာကို ရှောင်ရှားနိုင်ဖို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့ တောင်ကျရေတွေ စီးဆင်းလာတာကြောင့် ဘားအံ-မြဝတီ တောင်ပေါ်လမ်းဖြစ်တဲ့ ထို့ကော်ကိုးလမ်းနဲ့ ၁၀၁၈ ဒေါနကျက်သရေတောင်ပေါ်လမ်းတွေမှာ တောင်ကျရေတွေ စီးဆင်းဖြတ်ကျော်လာနေပြီး မြေပြိုတာတွေ ဖြစ်ပွားနေတဲ့အတွက် သွားလာနေတဲ့ ကားတစ်စီး ပျက်စီးခဲ့ကာ လမ်းပိတ်ဆို့တာမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.