ဘန်ကောက်၊ ဇူလိုင် ၂၄

အငြင်းပွားနေတဲ့ နယ်စပ်ဒေသနဲ့ ပတ်သက်လို့ တင်းမာမှုတွေ မြင့်တက်နေချိန် ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချခဲ့ပြီးနောက် နာရီပိုင်းအကြာ ဇူလိုင် ၂၄ ရက် မနက်က နှစ်နိုင်ငံစစ်သားတွေ အပြန်အလှန် ပစ်ခတ်ခဲ့ကြရာကနေ တိုက်ခိုက်မှု နောက်တစ်ကျော့ ဖြစ်ပွားခဲ့ပါတယ်။

သီတင်းပတ်ပေါင်းများစွာကြာ တင်းမာမှုတွေ တအုံနွေးနွေး ဖြစ်နေခဲ့ပြီးနောက် သူ့ဘက်က စပြီး ပစ်ခတ်တယ်ဆိုပြီး နှစ်ဖက် အပြန်အလှန် စွပ်စွဲနေကြပါတယ်။

အိမ်နီးချင်းနှစ်နိုင်ငံဟာ လာအိုနိုင်ငံနဲ့လည်း ထိစပ်နေတဲ့ သုံးနိုင်ငံနယ်စပ်က မြတြိဂံဒေသနဲ့ ပတ်သက်လို့ ခါးခါးသီးသီး အငြင်းပွားနေကြ ပါတယ်။

အဲဒီဒေသမှာ ရှေးဟောင်းဘုရားကျောင်းတွေ အများကြီး ရှိပါတယ်။

အပြန်အလှန် ပစ်ခတ်မှုကြောင့် ထိုင်းအရပ်သား အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပြီးနောက် ထိုင်းက ဇူလိုင် ၂၄ ရက်မှာပဲ F-16 တိုက်လေယာဉ် တစ်စီးနဲ့ ကမ္ဘောဒီးယား ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။

အငြင်းပွားနေတဲ့ နယ်စပ်ဒေသကို စေလွှတ်ဖို့ ထိုင်းက အသင့်ပြင်ထားတဲ့ F-16 တိုက်လေယာဉ် ၆ စီးထဲက တစ်စီးဟာ ကမ္ဘောဒီးယား ပိုင်နက်ထဲ ဝင်ရောက်ပြီး စစ်ဖက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက် ဖျက်ဆီးခဲ့တယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။

ကမ္ဘောဒီးယားနဲ့ နယ်စပ်ကိုလည်း ထိုင်းက ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားပါတယ်။

ဘန်ကောက်ရှိ ကမ္ဘောဒီးယား သံအမတ်ကို ထိုင်းက ဇူလိုင် ၂၃ ရက်မှာ နှင်ထုတ်လိုက်ပြီး ဖနွမ်းပင်ရှိ မိမိတို့ သံအမတ်ကို ပြန်ခေါ်ထားတယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။

နှစ်နိုင်ငံ စစ်တပ်တွေ အပြန်အလှန် ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံ ဆူရင် ဒေသရှိ ဒေသခံတွေ သဲအိတ်တွေနဲ့ အကာအကွယ်ပြုလုပ်ခဲ့ကြပြီး လူအများ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်ဒေသတွေမှာ အငြင်းပွားလာကြတာ ကြာပြီ ဖြစ်ပြီး မကြာခဏဆိုသလို ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မေလက နယ်စပ်မှာ နှစ်နိုင်ငံ စစ်သားတွေကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပြီး ကမ္ဘောဒီးယား စစ်သား တစ်ယောက် သေဆုံးခဲ့ပြီးနောက် တင်းမာမှုတွေ တစ်ခါပြန် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

Ref:Reuters/BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.