ဝါရှင်တန်၊ ဇူလိုင် ၂၃
ဘားရက် အိုးဘားမားက ရွေးကောက်ပွဲမှာ ရုရှား ကြားဝင် ခြယ်လှယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မိမိကို ချိတ်ဆက်ပြီးတော့ မိမိရဲ့ ပထမသမ္မတ သက်တမ်းကို ဖျက်လိုဖျက်စီးလုပ်ဖို့ ကြံစည်ခဲ့တယ်လို့ ဒေါ်နယ် ထရန့်က ပြောဆိုပြီး အိုဘားမားဟာ နိုင်ငံတော်အပေါ် သစ္စာဖောက်တယ်လို့ စွပ်စွဲထားပါတယ်။
သူတို့က ရွေးကောက်ပွဲကို ခိုးယူဖို့ ကြိုးစားခဲ့ကြကြောင်းနဲ့ ၂၀၁၆ ခုနှစ်မှာ ဟီလာရီ ကလင်တန်အပေါ် မိမိ အနိုင်ရမှု အားလျော့အောင် လုပ်ဖို့ အိုဘားမား ကြိုးပမ်းခဲ့တယ်လို့ ပြောပါတယ်။

အိုဘားမားရဲ့ ပြောရေးဆိုခွင့်ရှိသူက ရှားရှားပါးပါး ကြေညာချက် တစ်ရပ် ထုတ်ပြန်ပြီး ထရန့်ရဲ့ တိုက်ခိုက်မှုဟာ အာရုံလွှဲဖို့အတွက် အားနည်းတဲ့ ကြိုးပမ်းမှု ဖြစ်တယ်လို့ ပြောပါတယ်။
အိုဘားမားနဲ့ သူ့ရဲ့ အမျိုးသား လုံခြုံရေးအဖွဲ့တို့ဟာ သမ္မတ ထရန့်ကို ဆန့်ကျင်ပြီး နှစ်များစွာကြာ အာဏာသိမ်းခဲ့တယ်လို့ အမေရိကန် အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူး တူလ်စီ ဂါဘက်က ပြီးခဲ့တဲ့ သီတင်းပတ်က စွပ်စွဲခဲ့တာကို ထရန့်က ရည်ညွှန်း ပြောဆိုတာ ဖြစ်ပါတယ်။
ဒီပြောဆိုမှု မှားယွင်းကြောင်း ဒီမိုကရက်တို့က ပြန်လည် ချေပထားပါတယ်။

ကွယ်လွန်သွားပြီ ဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှု ကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်နဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးခွန်းတွေ မေးချိန်မှာ ထရန့်က အခုလိုမျိုး ပြောဆိုသွားတာ ဖြစ်ပါတယ်။
အက်ပ်စတိန်းဟ အမှုရင်ဆိုင်ဖို့ စောင့်နေရင်း ၂၀၁၉ ခုနှစ်က ထောင်ထဲမှာ သူ့ကိုယ်သူ သတ်သေသွားတာဖြစ်ပါတယ်။
အဆက်အသွယ်ကောင်းတဲ့ သက်ငယ်မုဒိမ်း တရားခံ အက်ပ်စတိန်းနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေ ပိုမို ထုတ်ပြန်ပေးရေး ထရန့် အစိုးရ ဖိအားပေးခံနေရပါတယ်။
အက်ပ်စတိန်းနဲ့ ပတ်သက်တဲ့ မဲခွဲဆုံးဖြတ်မှုကို တားဆီးဖို့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်ကို ပိတ်ပစ်ခဲ့ပါတယ်။
အိုဘားမားမှာ အပြစ်ရှိကြောင်းနဲ့ ဒါဟာ နိုင်ငံတော် သစ္စာဖောက်မှု ဖြစ်တယ်လို့ ထရန့်က သတင်းထောက်တွေကို ပြောထားတာ ဖြစ်ပါတယ်။
Ref:BBC