ဘန်ကောက်၊ ဇူလိုင် ၂၃

မြန်မာနယ်စပ်အနီး ထိုင်းနယ်နိမိတ်ထဲသို့ ၁၅ ကီလိုမီတာလောက် အကွာ တက်ခ်ပြည်နယ် ထာ့ဆောင်ယန်ဒေသ ခွန်မေးဝီကျေးရွာရှိ တောထူထပ်တဲ့ တောင်ပေါ်မှာ ပျက်ကျလာတဲ့ ခါမေကာဇီ အသေခံ ဒရုန်း တစ်စီးကို ထိုင်းကင်းလှည့်တပ်ဖွဲ့က ဇူလိုင် ၂၂ ရက်က တွေ့ရှိခဲ့ပါတယ်။

စစ်ကောင်စီက လွှတ်တင်လိုက်တာလို့ ယုံကြည်ရတဲ့ အဲဒီ အသေခံ ဒရုန်းဟာ ပစ်မှတ်ဆီကို ထိုးဆင်းပြီး ပေါက်ကွဲအောင်လုပ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

UAV အမျိုးအစား ဒရုန်းတွေမှာ ကြုံတွေ့နေကျ ပြဿနာ တစ်ခုအနေနဲ့ အဲဒီ ဒရုန်းဟာ အဝေးထိန်း ခလုတ်နဲ့ ဆက်သွယ်မှု ပြတ်တောက်သွားလို့ လမ်းကြောင်း ချော်ပြီးတော့ ထိုင်းပိုင်နက်ထဲကို ပျက်ကျခဲ့တာ ဖြစ်တယ်လို့ ယူဆရပါတယ်။

ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ဆင်ထားတဲ့ ဒရုန်း ပျက်ကျမှုကြောင့် ထိခိုက်သေဆုံးမှု ဒါမှမဟုတ် အဆောက်အဦ ပျက်စီးမှု မရှိဘူးလို့ သိရပါတယ်။

ထိုင်းအရာရှိတွေက အဲဒီ နေရာကို လုံခြုံအောင် လုပ်ဆောင်ခဲ့ပြီး အန္တရာယ်ရှိတဲ့ နေရာအဖြစ် သတ်မှတ်ကာ အများပြည်သူ ဝင်ရောက်ခွင့် တားမြစ်ခဲ့ပါတယ်။

အဲဒီ ဒရုန်းမှာ တပ်ဆင်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ထိုင်း မိုင်းရှင်းလင်းရေး အဖွဲ့က ဘေးကင်းအောင် ဆောင်ရွက်ခဲ့ပါတယ်။

ထိုင်းနယ်နိမိတ်ထဲသို့ စစ်ဖက်ဆိုင်ရာပစ္စည်း တစ်ခု ခွင့်ပြုချက် မရှိဘဲ ဝင်ရောက်တယ်ဆိုပြီး ထိုင်းအရာရှိတွေက တက်ခ်ပြည်နယ် နယ်စပ် ကော်မတီကတဆင့် စစ်ကောင်စီထံ ကန့်ကွက်ထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ KNLA တပ်ဖွဲ့တွေကို အသေခံ ဒရုန်းတွေနဲ့ တိုက်ခိုက်နေပြီး မတ် ၁၈ ရက်၊ ဇွန် ၁၂ ရက်နဲ့ ဇူလိုင် ၂၃ ရက်တို့မှာလည်း အလားတူ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။

Ref:Thai Enquiere

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.