တီဟီရန် ဇူလိုင် ၁၄
မိမိတို့ကို ထပ်ပြီး မတိုက်ခိုက်တော့ပါဘူးဆိုတဲ့ အာမခံချက် ရှိရင် အမေရိကန်နဲ့ နျူကလီးယား ဆွေးနွေးမှုတွေ ပြန်စတင်သွားမယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
မိမိတို့ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ အမြဲ ဆန္ဒရှိသလို နောင်လည်း ဆွေးနွေးဖို့ အသင့်ရှိနေမှာ ဖြစ်ပေမယ့် စစ်ပွဲဆီကို ဦးတည် မသွားစေမယ့် အာမခံချက်မျိုးတစ်ခု နျူကလီးယား ဆွေးနွေးမှုများ ပြန်မစခင် ပေးသင့်တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက တီဟီရန် အခြေစိုက် သံတမန်တွေကို ပြောလိုက်တာပါ။

အစ္စရေးနဲ့ အမေရိကန်တို့က အီရန် နျူကလီးယားစက်ရုံကို တိုက်ခိုက်ခဲ့သလိုမျိုး ထပ်မံလုပ်ဆောင်တော့မှာ မဟုတ်ဘူးဆိုတဲ့ အာမခံချက် အရင်ဆုံးရရှိပြီးမှ နျူကလီးယား ဆွေးနွေးမှုတွေ ပြန်စတင်မယ်လို့ သူက ပြောပါတယ်။
အီရန် နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်မှုကြောင့် ညှိနှိုင်းမှုတွေ အပေါ် အခြေခံတဲ့ အဖြေတစ်ခု ရရှိရေး ပိုမို ခက်ခဲရှုပ်ထွေးသွားစေတယ်လို့ ဝန်ကြီး အာရက်ချီက ပြောတာပါ။

အဲဒီတိုက်ခိုက်မှုတွေအပြီး အီရန်က ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး အေဂျင်စီ IAEA နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းခဲ့တာကြောင့် စုံစမ်းစစ်ဆေးရေးမှူးတွေ အီရန်က ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
အီရန် အကျိုးစီးပွားတွေအပေါ် အခြေခံပြီး အီရန် ဥပဒေအရ အဲဒီအေဂျင်စီရဲ့ စစ်ဆေးရေး တောင်းဆိုမှုကို လက်ခံ စဉ်းစားသွားမှာ ဖြစ်ကြောင်း ဝန်ကြီး အာရက်ချီက ဆိုပါတယ်။
အစ္စရေးနဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် ခဲယမ်းမီးကျောက်တွေ ပေါက်ကွဲနိုင်တဲ့ အန္တရာယ် ကြီးမားနေဆဲ ဖြစ်ပြီ IAEA က စစ်ဆေးမယ်ဆိုရင်လည်း အီရန်ရဲ့ လုံခြုံရေး စိုးရိမ်မှုတွေကို ဦးစားပေးရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အီရန်က နိုင်ငံတွင်းမှာ ယူရေနီယံ သန့်စင်ခွင့် ဆက်လက်ရရှိရေး တောင်းဆိုထားပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယူရေနီယံ လုံးဝ မသန့်စင်ရဘူးလို့ ပြောထားပါတယ်။
အီရန်အနေနဲ့ နောက်ထပ် ခြိမ်းခြောက်လာရင် ထပ်ပြီး တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
အီရန်က ယူရေနီယံတွေကို ၆၀ ရာခိုင်နှုန်းကျော်အထိ သန့်စင်ထားပြီး လက်နက်ထုတ်လုပ်ဖို့ အတွက်ဆိုရင် ၉၀ ရာခိုင်နှုန်းအထိ သန့်စင်ရမှာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် အီရန် နျူကလီးယား စက်ရုံတွေ ကြီးကြီးမားမား ပျက်စီးသွားပြီး ပျက်စီးမှု အတိုင်းအတာကို စစ်ဆေးရေး အီရန် အရာရှိတွေ မသွားရောက်နိုင် ဖြစ်နေတယ်လို့ သမ္မတ မာဆောက် ပီဇက်ခီယန်က ပြောကြားထားတာ ဖြစ်ပါတယ်။
Ref:AP