ရေဖြူ၊ ဇူလိုင် ၁၃
တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဘုလယ်ဒေသထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့ မနက်အစောပိုင်းကစပြီး ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ မူးဒူးကျေးရွာဘက်ကို အင်အားအများအပြားပါတဲ့ စစ်ကောင်စီတပ်သားတွေက စစ် ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။
အဲဒီနောက် ညနေ ၅ နာရီခွဲအချိန်ခန့်မှာ မူးဒူးကျေးရွာအတွင်း တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား တစ်ဦးထိမှန်သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ် ကမ်းဧရိယာအတွင်းရှိ ယာယီစခန်းကို ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလည်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဧရိယာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media