ကျုံဒိုး၊ ဇူလိုင် ၁၃

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ် အောင်ဗလကုန်းကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု ကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ကြောက်ရွံ့ထိတ်လန့်ပြီး နှလုံးဖောက်သေဆုံးသွားခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက် ည ၁၀ နာရီအချိန်က ကျုံဒိုးမြို့အခြေစိုက် ခမရ ၅၄၅ တပ်ရင်းကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပြီး အဲဒီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသံကြောင့် အောင်ဗလကုန်းကျေးရွာနေ အသက် ၅၅ နှစ်အရွယ် အမျိုသမီးတစ်ဦး နှလုံးဖောက်သေဆုံးသွားခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျုံဒိုးမြို့နယ် ပိုင်ရပ်ကျေးရွာမှာ ကျောင်းတက်နေတဲ့ ကလေးငယ် ၃ ဦး၊ ကျောင်းဆရာမတစ်ဦးနဲ့ ရွာသားတစ်ဦး စုစုပေါင်း ၅ ဦး သေဆုံးသွားခဲ့ပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကြောင်းအ ကြိမ်ကြိမ်ထိုးခဲ့ရာ အခုလ ဇူလိုင်လ အစောပိုင်းကစပြီး KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နဲ့ ထိတွေ့တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တာပါ။

စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အခြေစိုက် စကခ ၁၂ ဌာနချုပ်ကနေ စစ်ကြောင်းတစ်ကြောင်း ထိုးလာ နေသလို ကျုံဒိုးမြို့ကနေလည်း စစ်ကြောင်းထိုးလာနေပြီး လက်နက်ကြီးသာမက လေကြောင်းပစ်ကူအသုံးပြုပြီး ပစ်ကူပေးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာမှာ ဗိုလ်ဘိ ခေါင်းဆောင်တဲ့ ခွဲထွက်ဒီကေဘီအေအဖွဲ့ကလည်း စစ်ကောင်စီတပ်ကို ပါဝင်ကူညီတိုက်ခိုက်ပေးနေပြီး အင်အားတွေလည်း ထပ်မံပို့ဆောင်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေသလို ထိုင်းနယ်စပ်နားမှာ ကျန်ရှိနေတဲ့ ဝေါ်လေဗျူဟာ စခန်းတွေမှာလည်း ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဝေါ်လေဗျူဟာစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဆက်လက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.