ရေဖြူ၊ ဇူလိုင် ၉
ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်အောင်မြို့ အရှေ့ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ သုခစခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တော်လှန်ရေးအရင်းအမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သုခနယ်စပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက ဇူလိုင် ၇ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ နီးပါး ထိုင်းနိုင်ငံထဲ ထွက်ပြေးသွားတဲ့အတွက် စခန်းတစ်ခုလုံးကို အလွယ်တကူပဲ သိမ်းပိုက်ခဲ့တယ်လို့ မြေပြင်တော်လှန်ရေးအရင်းအမြစ် တစ်ဦးက ဆိုပါတယ်။
သုခစခန်းဟာ ထီးခီးနယ်စပ်ရဲ့ မြောက်ဘက်မှာ တည်ရှိပြီး စစ်ကောင်စီ အမှတ် ၂၈၂ ခြေလျင်တပ်ရင်းရဲ့ ရှေ့တန်းစခန်း တစ်ခု ဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ အခုနှစ်အတွင်း ထီးခီးနယ်စပ်က စစ်ကောင်စီရဲ့ ထီးခီးစခန်း၊ ထီးထာဗျူဟာစခန်း၊ ဗောဓိစခန်းနဲ့ငါးရံ့နီစခန်းတို့ကို သိမ်းပိုက်ရရှိထားပါတယ်။
လက်ရှိမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ထီးခီးနယ်စပ်က သုခစခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာကြောင့် ထီးခီးနယ်စပ်မှာ စစ်ကောင်စီရဲ့ နတ်အိမ်တောင်စခန်းတစ်ခုသာ ကျန်ရှိတော့တာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU