မော်စကို၊ ဇူလိုင် ၈

ရုရှား ပို့ဆောင်ရေးဝန်ကြီးဟောင်း ရိုမန် စတာရိုဗွိုက်ကို သေဆုံးလျက်တွေ့ရပြီး ကိုယ့်ကိုယ်ကို ပစ်ခတ်ထားတာ ဖြစ်ပုံရတဲ့ ဒဏ်ရာနဲ့ သေဆုံးတာ ဖြစ်ကြောင်း ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ပြောပါတယ်။

သူ့ကို သမ္မတ ဗလာဒီမာ ပူတင်က ဇူလိုင် ၇ ရက် မနက်ပိုင်းမှာ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

သူ့ကို ထုတ်ပယ်မှုအတွက် ဘာအကြောင်းပြချက်မှ ဖော်ပြမထားဘဲ လက်ထောက် ပို့ဆောင်ရေးဝန်ကြီး အန်ဒရေး နီကီတင်ကို သူ့နေရာမှာ အစားထိုးခန့်အပ်ကြောင်း အချိန်တိုအတွင်း ကြေညာခဲ့တာပါ။

လူသေဆုံးမှု ဖြစ်ရပ်အခြေအနေတွေကို စတင်ဖော်ထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မတီက ပြောပါတယ်။

စတာရိုဗွိုက်ကို ပို့ဆောင်ရေးဝန်ကြီးအဖြစ် ၂၀၂၄ ခုနှစ် မေလမှာခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန် မတိုင်ခင်က စတာရိုဗွိုက်ဟာ ကာ့စ်ဒေသ အုပ်ချုပ်ရေးမှူးအဖြစ် ခြောက်နှစ်နီးပါး တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

အဲဒီဒေသကို ယူကရိန်းတပ်တွေက အမှတ်မထင် တိုက်ခိုက်ပြီး ၂၀၂၄ ခုနှစ် သြဂုတ်လက တစ်စိတ်တစ်ပိုင်း သိမ်းပိုက်ထားခဲ့တာပါ။

မကြာသေးခင်ကမှ ရုရှားတပ်တွေက အဲဒီဒေသရှိ ယူကရိန်းတပ်တွေကို တိုက်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဇွန်လနှောင်းပိုင်းမှာတော့ ကိဗ်အစိုးရက ရုရှားနိုင်ငံထဲရှိ ဒေသအနည်းငယ်ကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

စတာရိုဗွိုက်ထက် အရင် ပို့ဆောင်ရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့တဲ့ အလက်ဆီ ဆမာနော့ဗ်ဟာလည်း ရာထူးသက်တမ်း တိုတောင်းခဲ့ပါတယ်။

သူဟာ ရန်ပုံငွေ အလွဲသုံးစားမှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး ယူကရိန်းနယ်စပ်မှာ ခံတပ်လုပ်ဖို့ လျာထားတဲ့ ငွေကို အလွဲသုံးစား လုပ်တယ်လို့ စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီအမှုအတွက် စတာရိုဗွိုက်ကို ကြံရာပါအဖြစ် ခေါ်ယူတော့မယ့် အချိန်မှာ သေဆုံးမှု ဖြစ်ခဲ့လို့ ရုရှားသတင်းဌာန Kommersant က ဖော်ပြပါတယ်။

သူသေဆုံးချိန် အတိအကျကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ရုရှား ဆန့်ကျင်ရေး သတင်းဝက်ဘ်ဆိုက်တွေကတော့ သူ့ကို ပူတင်ကိုယ်တိုင် သတ်ပစ်လိုက်တာ ဖြစ်တယ်လို့ ဖော်ပြနေကြပေမယ့် အတည်မပြုနိုင်ပါဘူး။

ပူတင်က သူ့အပေါ် ယုံကြည်မှု ကုန်ဆုံးသွားပြီလို့ဖော်ပြတဲ့ သတင်းတွေကိုလည်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူက ပယ်ချထားပါတယ်။

Ref:BBC/Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.