ဘေဂျင်း၊ ဇွန် ၈

တရုတ်အစိုးရက ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု ပိုများလာစေရေး နိုင်ငံပေါင်း ၇၄ အထိ တိုးပြီး ဗီဇာ မလိုဘဲ ပြည်ဝင်ခွင့်ပြုကြောင်း ကြေညာပါတယ်။

၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံသို့ ဗီဇာမပါဘဲ ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားဧည့်သည် သန်း ၂၀ ကျော်ရှိပြီး အဲဒီမတိုင်ခင်နှစ်ကထက် နှစ်ဆ ပိုများလာကြောင်း အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ကမ္ဘာ့ကပ်ရောဂါဆိုင်ရာ တင်းကြပ်တဲ့ တားမြစ်မှုတွေကို ရုတ်သိမ်းပြီးနောက် တရုတ်က နိုင်ငံခြားခရီးသွားတွေအတွက် သူတို့ရဲ့ နယ်စပ်ကို ၂၀၂၃ နှစ်ဆန်းပိုင်းမှာ ပြန်ဖွင့်ခဲ့ပေမယ့် အဲဒီနှစ်က ဧည့်သည် ၁၃ ဒသမ ၈ သန်းပဲ ဝင်ရောက်ခဲ့ပါတယ်။

ဥရောပ၊ အာရှ၊ လက်တင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းရှိ နိုင်ငံအများက ခရီးသွားတွေအနေနဲ့ တရုတ်နိုင်ငံကို ဗီဇာမလိုဘဲ ရက် ၃၀ ကြာ သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

ဗီဇာမလိုဘဲ ပြည်ဝင်ခွင့်ပြုတာကြောင့် တရုတ်သို့ လာရောက်မယ့် နိုင်ငံခြားခရီးသွားအရေအတွက် အမှန်တကယ် ပိုများလာတယ်လို့ ရှန်ဟိုင်း အခြေစိုက် အွန်လိုင်းခရီးသွား အေဂျင်စီ Trip.com Group က ပြောပါတယ်။

ယခုနှစ် ပထမသုံးလအတွင်းမှာပဲ တရုတ်ကို လာရောက်ဖို့ လေယာဉ်လက်မှတ်၊ ဟိုတယ်နဲ့ တခြား ကြိုတင် စာရင်းပေး မှာယူမှုတွေ ပြီးခဲ့တဲ့နှစ် အလားတူ ကာလကထက် သုံးဆတိုးလာတယ်လို့ သိရပါတယ်။

အာဖရိကဟာ တရုတ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပေမယ့် ဗီဇာမလိုဘဲ တရုတ်သို့ ဝင်ရောက်ခွင့်ရှိတဲ့ နိုင်ငံတွေထဲမှာ အာဖရိကနိုင်ငံတွေ ပါဝင်လာတာ မတွေ့ရပါဘူး။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.