ကျောက်ကြီး၊ ဇူလိုင် ၈

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်မှုကြောင့် အသက် တစ်နှစ်အရွယ် စစ်ရှောင်ကလေးအပါအဝင် စစ်ရှောင်ပြည်သူ ခြောက်ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဇူလိုင် ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်မှာ ကျောက်ကြီးမြို့နယ် နတ်သံကွင်းအထိုင်တပ်ကနေ စစ်ရှောင်ပြည်သူ တိမ်းရှောင်နေတဲ့ ပေါက်ကျေးရွာစာသင်ကျောင်းကို ဒရုန်းနဲ့ ၁၂၀ မမ လက်နက်ကြီး တစ်လုံး ပစ်ချသွားခဲ့တာပါ။

စစ်ကောက်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ပေါက်ကျေးရွာမှာ စစ်ရှောင်နေတဲ့ အသက် တစ်နှစ်အရွယ်၊ စောကျော်နိုင်ထူး၊ အသက် ၆ နှစ်အရွယ် စောကောင်းသန့်ဇော်၊ သက်ကြီးပိုင်းတွေဖြစ်တဲ့ တီးမောင်သံစိန်၊ ညားကြည်မြင့် စောကျော်နိုင်ဝင်း၊ မနန်ဦးတို့ဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် စစ်ရှောင်တွေဖြစ်တဲ့ အလည်စုကျေးရွာနေ ကိုယ်ဝန်ဆောင်အမျိုးသမီး နော်သူးရေစေး၊ ဝါးပင်စုကျေးရွာနေ ညားဝင်းစိုး၊ တောကြောင်ပေါက်ကျေးရွာနေနော်လှယမင်းခိုင်တို့ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ် တလိုင်းခင်ရွာသား စောအေးမင်းထွေးကို စစ်ကောင်စီတပ်က ကျောက်တံခါးမြို့စစ်‌ဆေးရေးဂိတ်မှာ အကြောင်းမဲ့ဖမ်းဆီးထားခဲ့ပေမယ့် ဒီကနေ့အထိ ပြန်လွတ်ပေးတာ မရှိသေးဘူးလို့ KNU ဗဟိုက အသိပေးထားပါတယ်။

စစ်ကောင်စီတပ်ဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ အုပ်ချုပ်နယ်မြေရှိ ကျေးရွာတွေထဲကို နေ့စဉ်နေ့တိုင်း လက်နက်ကြီးတွေ ပစ်ခတ်လျက်ရှိပြီး စစ်ဘေးရှောင်နေရာတွေပါ မကျန် ပစ်မှတ်ထားပစ်ခတ်လျက်ရှိတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.