မော်လမြိုင် ၊ ဇူလိုင် ၆
မွန်ပြည်နယ်မှာ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်နဲ့ဘေးတွဲဆိုင်ကယ်တွေ ဖမ်းမိပါက စစ်ကောင်စီ ရဲတပ်ဖွဲ့အပါအဝင် ဖမ်းဆီးရေး အဖွဲ့မှာ ပါဝင်တဲ့ ဌာနဆိုင်ရာတွေကို ငွေကြေးအဆမတန် ပေးဆောင်မှသာ လူကို အာမခံပေးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လိုင်စင်မဲ့ယာဉ်တွေကို စစ်ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်ကြောင့် ပြီးခဲ့တဲ့ မေလနောက်ဆုံးအပတ်ကစတင်ပြီး ဒေသတွင်းက နေရာအနှံ့အပြားမှာ စီမံချက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖမ်းဆီးအရေးယူမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အရင်က လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိပါက ဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ယာဉ်ကို သိမ်းဆည်းတဲ့အပြင် လိုင်စင်မဲ့ယာဉ် စီးနင်းသူကို အာမခံမပေးဘဲ ပို့ကုန်၊ သွင်းကုန် ဥပဒေတွေနဲ့ အမြန်းဆုံး နေ့ချင်းပြီး ပုံစံ အမိန့်ချမှတ်တာတွေ လုပ်ဆောင်ခဲ့တာပါ။
လက်ရှိမှာတော့ စစ်ကောင်စီဟာ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိပါက လိုင်စင်မဲ့ယာဉ်ကို သိမ်းဆည်းပြီး လိုင်စင်မဲ့ယာဉ် စီးနင်းသူတွေကို အာမခံ လိုချင်ပါက ငွေကြေးပေးဆောင်ရမှာ ဖြစ်တယ်ဆိုကာ အာမခံအတွက် ငွေကြေးအဆမတန် တောင်းခံနေတာပါ။
ကိုယ်တွေ့ကြုံခဲ့ရတဲ့ မွန်ပြည်နယ် ဒေသခံ တစ်ဦးကတော့ အာမခံအတွက် ရဲတပ်ဖွဲ့ကို ငွေကျပ် ခြောက်သိန်း ပေးဆောင်ခဲ့ရပြီး တရားရုံးအပိုင်းအတွက်လည်း ငွေကြေးဆောင်ရဦးမယ်လို့ ပြောပါတယ်။
“အာမခံက ဘယ်လိုခေါ်မလည်း လူအတွက် အာမခံ ယူထားတာပေါ့။ စခန်း အာမခံပေါ့။ ဆိုင်ကယ်ကတော့ ပြန်မရဘူး။ ရက်ချိန်း ပေးထားတယ်။ ဘယ်လောက် ပေးရလည်းဆိုတော့ ၆ သိန်းလောက် ပေးရတယ်။ ဒါစခန်းအပိုင်း တရားရုံးအပိုင်း မဟုတ်ဘူး။ တရားရုံးအပိုင်းကတော့ ဘယ်လို လာဦးမလဲ မသိဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေဟာ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိပါက လူအပေါ်မူတည်ကာ ကျပ်သိန်းဆယ်နဲ့ချီ တောင်းခံတာဖြစ်ပြီး ငွေကြေးမပေးပါက တရားရုံးက ဆင့်မခေါ်မချင်း အချုပ်ထဲမှာ နေရမယ်ဆိုကာ ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။
မွန်ပြည်နယ် ဒေသခံ နောက်တစ်ဦးကလည်း စစ်ကောင်စီဟာ ပထမတုန်းက လိုင်စင်မဲ့ယာဉ်တွေကို သိမ်းဆည်းတဲ့အပြင် လူကိုပါ ထောင်ချနေရာမှ လက်ရှိမှာတော့ အဖမ်းအဆီး နည်းနည်း နည်းလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ပထမတုန်းကတော့ နယ်က ဆိုင်ကယ်တွေ ဖမ်းတယ်။ နောက်နယ်က ကားတစ်စီး နှစ်စီးတော့ ဖမ်းတယ်။ လူပါ ပါတာပေါ့။ ထောင်တစ်လကျတယ်။ ဒဏ်ငွေလည်း ဆောင်ရတယ်။ ဟိုတလောတုန်းကတော့ တော်တော်ဖမ်းတယ်။ အခုတလော အဖမ်းအဆီးတော့ နည်းနည်းနည်းတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ အရင်က လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိပါက လူကိုအာမခံမပေးဘဲ လက်ရှိအာမ ခံပေးတာဆိုရင် ဖြေလျှော့ပေးတဲ့ သဘောဖြစ်ပေမယ့် ငွေကြေးအဆမတန်ပေးရတာကြောင့် ငွေ ကြေး မတတ်နိုင်တဲ့ ဒေသခံတွေအတွက်တော့ အခက်အခဲဖြစ်ရတယ်လို့ သူက ဆက်ပြောပါတယ်။
ဒေသတွင်းမှာတော့ စစ်ကောင်စီဟာ လိုင်စင်မဲ့ယာဉ် တွေကို နေ့ရော၊ ညပါ မြို့ဝင်၊ မြို့ထွက်တွေ၊ မော်တော်ယာဉ် သွားလာမှုများတဲ့နေရာတွေ၊ မထင်မှတ်တဲ့နေရာတွေအပြင် သတင်းအရဆိုကာ နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးမှုတွေ ရှိနေတာပါ။
လတ်တလောမှာတော့ ဒေသခံတွေဟာ လိုင်စင်မဲ့ယာဉ်တွေကို သိမ်းဆည်းပြီး စီးနင်းမှုသိပ်မရှိတဲ့အတွက် အဖမ်းအဆီးနည်းတဲ့ ပုံစံဖြစ်နေပေမယ့် စစ်ကောင်စီဘက်ကတော့ နေ့စဉ်စစ်ဆေး ဖမ်း ဆီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ