ကျိုက်ထို၊ ဇူလိုင် ၆
တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ မွန်ပြည်နယ်မြောက်ပိုင်း ကျိုက်ထိုမြို့နယ်ရဲ့ အခြေစိုက်တပ်ရင်းတွေမှာ တပ်တွင်းပြင်ဆင်မှု အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လလောက်ကစလို့ စစ်ကောင်စီတပ်ရင်းတွေမှာ ဘန်ကာတွေကို အဆင့်မြှင့်တင်တာ၊ လက်နက်ကြီး အထိုင်နေရာတွေကို လေကြောင်းကနေ ကင်းထောက်လို့မရအောင် ပုံဖျက်တာနဲ့ စစ်သင်တန်းပို့ချမှုတွေ အဆက်မပြတ် လုပ်ဆောင်နေတာပါ။
ဒါ့အပြင် ကျိုက်ထိုအခြေစိုက် စစ်ကောင်စီရဲ့ တပ်မ(၄၄) ဌာနချုပ်မှာလည်း နိုင်ငံတဝန်းက အတင်း အဓမ္မ စစ်သားစုဆောင်းထားတဲ့ လူပေါင်း ၁၀၀၀ လောက်ကိုလည်း ဇူလိုင်လဆန်းပိုင်းစကပြီး စစ်သင်တန်းတွေ ပို့ချနေပါတယ်။
စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ရဲ့ တပ်တွင်းပြင်ဆင်မှုဟာ အရင်ကလို ဘန်ကာ၊ ကတုတ်ကျင်းတွေလောက်သာ မဟုတ်ဘဲ ပိုမို အဆင့်မြှင့်တင်မှုတွေ တွေ့နေရတယ်လို့ ဆိုပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ မွန်ပြည်နယ်အဝင် စစ်တောင်းတံတားနဲ့ မော်လမြိုင် – ရန်ကုန် ကားလမ်းတစ်လျှောက်မှာ တပ်အင်အားတွေ တိုးချထားသလို ကင်းပုန်းဝပ်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
အခုလို စစ်ကောင်စီဘက်က ခံစစ်ကို သေချာပြင်ဆင်တာနဲ့ တပ်အင်အားတွေ တိုးချဲ့လာတာဟာ လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။
ကျိုက်ထိုမြို့နယ်မှာ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်ရင်း ၁၀ ရင်းထက်မနည်း ရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ