မော်လမြိုင် ၊ ဇူလိုင် ၃

ဒီနှစ်ကုန်ပိုင်းမှာ စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီအနေနဲ့ ဒေသခံပြည်သူလူထုအပေါ် မူတည်တယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောခွင့်ရ နိုင်သန်းရွှေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ပြည်နယ်အဆင့်စည်းရုံးမယ့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရထားတဲ့ မွန်ညီညွတ်ရေးပါတီက ပြည်တွင်းမှာ မွန်နိုင်ငံရေးပါတီတစ်ခု ရပ်တည်ဖို့ သင့် မသင့် ပြည်သူလူထုဆီမှာ စစ်တမ်းကောက်ယူခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဘယ်လိုပုံစံနဲ့ ဘယ်တုန်းက စစ်တမ်းကောက်ယူခဲ့တယ်ဆိုတာတော့ ထည့်မပြောခဲ့ပါဘူး။

စစ်တမ်းအရ ပြည်တွင်းမှာ မွန်နိုင်ငံရေးပါတီတစ်ခု ရှိရမယ်ဆိုတဲ့ သဘောတူမှုမျိုး ရရှိခဲ့တဲ့အတွက် မွန်ညီညွတ်ရေးပါတီအနေနဲ့ ရွေးကောက်ပွဲကို မဖြစ်မနေ ကျော်ဖြတ်ရမှာပဲလို့ နိုင်သန်းရွှေက အခုလို ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပါတီရှင်သန်မယ့် ပြည်သူလူထုအပေါ်မှာလည်း မူတည်တာပေါ့။ ပြည်သူလူထုက ကျွန်တော်တို့ကို ဒီပါတီဆက်ရှိနေမယ်ဆိုရင် ရွေးကောက်ပွဲကိုတော့ မဖြစ်မနေ ကျွန်တော်တို့ ဖြတ်ကျော်ရမှာပဲ။ တကယ်လို့များ ပြည်သူလူထုက ပါတီမရှိလည်း ရတယ်ဆိုတဲ့ အမြင်မျိုးထွက်လာပြီဆိုရင် ကျွန်တော်တို့ ပါတီကတော့ တခြားနည်းလမ်းတွေ ရွေးရမှာပေါ့။ ဘယ်လိုလုပ်ကြမလဲ ကျွန်တော်တို့ ပြန်စဉ်းစားကြရမှာပေါ့”လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီကျင်းပမယ့် အထွေထွေရွေး‌ကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်‌ခြင်း မယှဉ်ပြိုင်‌ခြင်းဟာ ဒေသခံပြည်သူတွေနဲ့ ပါတီဝင်တွေရဲ့ သဘောထားဆန္ဒအပေါ် အခြေခံပြီး စဉ်းစားဆုံးဖြတ်သွားမယ်လိူ့ သူက ဆက်ပြောပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီမှာ စစ်ကောင်စီ ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမယ့် ပါတီဖြစ်ရင် အထွေထွေရွေးကောက်ပွဲမှာ အနည်းဆုံး မဲဆန္ဒနယ်တစ်နေရာ ဝင်ပြိုင်ရမှာပါ။

တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ်အပါအဝင် အနည်းဆုံးမဲဆန္ဒနယ်တစ်နယ်မှာ မိမိပါတီက ဝင်မပြိုင်နိုင်ရင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိစေရဘူးလို့ ဖော်ပြပါရှိပါတယ်။

တစ်ဘက်မှာ ပြည်မအခြေစိုက် ပြည်ထောင်စုအဆင့် စည်းရုံးမယ့် နိုင်ငံရေးပါတီတချို့ဟာ မွန်ပြည်နယ်အတွင်း မြို့ နယ်အဆင့် ပါတီရုံးခန်းတွေ လာရောက်ဖွင့်လှစ်နေသလို ပါတီဝင်အင်အားရဖို့ စည်းရုံးမှုတွေလည်း ရှိလာနေတာပါ။

ဒီအပေါ် ပြည်နယ်အခြေစိုက် တိုင်းရင်းသားနိုင်ငံရေးပါတီဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီရဲ့ အမြင်သဘောထားကို သံလွင်တိုင်းမ်က တီးခေါက်ကြည့်ရာမှာတော့ နိုင်သန်းရွှေက အခုလို မှတ်ချက်ပြုပါတယ်။

“လောလောဆယ်တော့ စိုးရိမ်မှုတော့ ဘာမှ မရှိပါဘူး။ တခြား ပြည်ထောင်စုအဆင့် မှတ်ပုံတင်ထားတဲ့ပါတီတွေက မွန်ပြည်နယ်မှာ နည်းနည်း အေးဆေးတဲ့အခါကျတော့ သူတို့ ရုံးလာဖွင့်တဲ့သဘောလောက်ပဲ ရှိတယ်။ သူတို့ ထင်ထင်ပေါ်‌ပေါ် စည်းရုံးတာတော့ အခုထက်ထိ‌တော့ မတွေ့ရဘူးပေါ့” လို့ ဆိုပါတယ်။

မွန်ညီညွတ်ရေးပါတီအနေနဲ့ ပါတီဝင်အင်အားတိုးအောင် စည်းရုံးရေးပုံမှန်လုပ်ဆောင်နေသလို ပါတီနုတ်ထွက်သူ၊ ကွယ်လွန်သူတွေကို စိစစ်နေပြီး မြို့နယ်အလိုက် ပါတီရုံးခန်းဖွင့်လှစ်မှုကလည်း သတ်မှတ်တာထက် ပြည့်မီနေပြီလို့ သူက ဆက်ပြောပါတယ်။

တခြားသော အင်အားကြီး နိုင်ငံရေးပါတီတွေလိုမျိုး လူထုနဲ့ တိုက်ရိုက်ထိတွေ့ပြီး စည်းရုံးရေးဆင်းတာမျိုး မရှိသေးဘဲ လူသားချင်း စာနာမှုဆိုင်ရာကိစ္စတချို့အပါအဝင် ဗဟိုအဆင့်နဲ့ မြို့နယ်အဆင့် အစည်းအဝေးတွေလောက်သာ လုပ်ငန်းစဉ်ရှိတယ်လို့ ဆိုပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ လက်ရှိအချိန်အထိ ပါတီကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါက်တာဗညားအောင်မိုးက စစ်ကောင်စီရဲ့ ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် တာဝန်ယူထားသလို နိုင်လယိတမကတော့ မွန်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်နဲ့ စီးပွားရေးရာဝန်ကြီးအဖြစ် ရယူထားတာပါ။

ဒီအတွက်ကြောင့် မွန်ဒေသခံ ပြည်သူလူထုတွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့ မွန်ညီညွတ်ရေးပါတီအပေါ် မတူညီတဲ့ အမြင်သဘောထားတွေ ကွဲလွဲနေကြပြီး ထောက်ခံမှုလည်း အာဏာမသိမ်းခင်ကာလနဲ့ ယှဉ်ရင် လျော့ကျလာခဲ့ပါတယ်။

အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုပြီး ကျင်းပမယ့် စစ်ကောင်စီရဲ့ အထွေထွေရွေးကောက်ပွဲကို မွန်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းရှိ ပြည်သူလူထုတွေက စိတ်ဝင်စားမှု အလွန်အားနည်းနေပြီး တော်လှန်ရေးအင်အားစုတွေကတော့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ထုတ်ပြောထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.